DVB Logo
Home
နိုင်ငံတကာ
ဒီအာရ်ကွန်ဂိုတွင် အီဘိုလာရောဂါကြောင့် သေဆုံးသူ ၄,၀၀၀ ကျော်ရှိလာ
DVB
·
October 4, 2026
Photo: Reuters
Photo: Reuters
Donate to DVB

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှာဖြစ်နေတဲ့ အီဘိုလာရောဂါကြောင့် သေဆုံးသူအရေအတွက် အယောက် ၄,၀၀၀ ကျော်သွားပြီလို့ ကွန်ဂိုကျန်းမာရေးအာဏာပိုင်တွေက အောက်တိုဘာ ၂ ရက်မှာ သတင်းထုတ်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ နောက်ဆုံးရအချက်အလက်တွေအရ ပြည်နယ် ၇ ခုမှာ ရောဂါဖြစ်ပွားသူ ၈,၃၀၀ ရှိပြီး သေဆုံးသူစုစုပေါင်း ၄,၀၁၈ ယောက် ရှိခဲ့ပါတယ်။ 

ဒါကြောင့် ရောဂါဖြစ်သူတွေကြား သေဆုံးမှုနှုန်းက ၄၈ ဒသမ ၄ ရာခိုင်နှုန်းရှိ ပြီး လူနာ ၂,၁၆၂ ယောက် ပြန်သက်သာကောင်းမွန်လာခဲ့ပါတယ်။

အီဘိုလာရောဂါဖြစ်ပွားမှုဟာ ဒေသတချို့မှာ လျော့ကျလာပြီး ကျန်းမာရေး စောင့်ရှောက်မှုဇုန်အများအပြားမှာ သီတင်းပတ် အများကြီးကြာတဲ့အထိ ရောဂါဖြစ်ပွားသူ အသစ်တွေ မတွေ့ရတော့ဘူးလို့ ကျန်းမာရေးအာဏာပိုင်တွေက အဲဒီနေ့မှာပဲ ပြောပါတယ်။

ဒေသအလိုက် အခြေအနေ ကောင်းလာတဲ့ လက္ခဏာတွေရှိပေမဲ့ ရောဂါစောင့်ကြည့်စစ်ဆေးခြင်းနဲ့ ရောဂါဖြစ်သူတွေကို ရှာဖွေဖော်ထုတ်ရာမှာ လိုအပ်ချက်တွေ ရှိနေလို့ တရားဝင်ထုတ်ပြန်ထားတဲ့ အရေအတွက်ထက် လက်တွေ့ သေဆုံးသူ အရေအတွက် ပိုများနိုင်တယ်လို့ နိုင်ငံတကာဆေးဘက်ဆိုင်ရာ ပရဟိတအဖွဲ့အစည်း တခုဖြစ်တဲ့ နယ်စည်းမခြားဆရာဝန်များအဖွဲ့ MSF က ကြာသပတေးနေ့မှာ သတိပေးခဲ့ပါတယ်။

မေလမှာ စတင်ကြေညာခဲ့တဲ့ အီဘိုလာရောဂါဖြစ်ပွားမှုဟာ ကွန်ဂိုမှာ မှတ်တမ်းတင်ထားသမျှ အကြီးမားဆုံးနဲ့ သေဆုံးမှုအများဆုံးဖြစ်ရပ် ဖြစ်လာခဲ့ပြီး၊ ၂၀၁၄-၂၀၁၆ ခုနှစ်အတွင်း အနောက်အာဖရိကမှာ ဖြစ်တဲ့ ကပ်ရောဂါပြီးတဲ့နောက် ကမ္ဘာတဝန်းမှာ ဒုတိယအကြီးမားဆုံး အီဘိုလာရောဂါကူးစက်မှုလည်း ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013