ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှာ အီဘိုလာဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက် အယောက် ၉,၀၀၀ ကျော်သွားပြီလို့ အောက်တိုဘာ ၁၃ ရက်မှာ ထုတ်ပြန်တဲ့ အစိုးရရဲ့ သတင်းအချက်အလက်တွေက ဖော်ပြထားပါတယ်။
ရောဂါကူးစက်မှု အများဆုံးဖြစ်နေတဲ့ ဒေသတွေမှာ ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်ဖို့ တုံ့ပြန်ဆောင်ရွက်သူတွေက ကြိုးပမ်းနေချိန်မှာ ခုလို ကိန်းဂဏန်းတွေ မြင့်တက်လာတာပါ။
ကွန်ဂိုနိုင်ငံ ပြည်သူ့ကျန်းမာရေးဌာန နောက်ဆုံးရ အခြေအနေ ဖော်ပြချက်အရ ရောဂါဖြစ်ပွားသူ ၉,၀၆၆ ယောက်နဲ့ သေဆုံးသူ ၄,၃၈၁ ယောက် ရှိနေပါတယ်။
ဘွန်ဒီဘူဂျီယို မျိုးကွဲ အီဘိုလာဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ ကူးစက်မှုက မေလမှာ စဖြစ်တာလို့ ကြေညာခဲ့ပြီး ၂၀၁၈-၂၀၂၀ ကာလက ဖြစ်ခဲ့တဲ့ ကပ်ရောဂါကို ကျော်ပြီး ကွန်ဂိုသမိုင်းမှာ အကြီးဆုံးနဲ့ သေဆုံးမှုအများဆုံး ကပ်ရောဂါ ဖြစ်လာခဲ့ပါတယ်။
ဒီမျိုးကွဲဗိုင်းရပ်စ်အတွက် လက်ရှိအချိန်အထိ အတည်ပြုထားတဲ့ ကာကွယ်ဆေးနဲ့ ကုသဆေး မရှိသေးပါဘူး။
ဒီရောဂါဖြစ်ပွားမှုဟာ ၂၀၁၄-၂၀၁၆ ခုနှစ်အတွင်း အနောက်အာဖရိကဒေသ ဂီနီ၊ လိုက်ဘေးရီးယားနဲ့ ဆီယာရာလီယွန် နိုင်ငံတွေမှာ လူပေါင်း ၂၈,၆၀၀ ကျော် ကူးစက်ခံရပြီး ၁၁,၀၀၀ ကျော် သေဆုံးခဲ့ရတဲ့ ကပ်ရောဂါပြီးရင် ကမ္ဘာ့ဒုတိယအကြီးဆုံးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဆိုထားပါတယ်။
လက်ရှိဖြစ်နေတဲ့ ရောဂါကူးစက်မှုက တခြားနိုင်ငံတွေကိုလည်း သက်ရောက်ခဲ့ပါတယ်။
ယူဂန်ဒါနိုင်ငံမှာ အခုနှစ်အစောပိုင်းက ရောဂါဖြစ်သူ ၂၀ နဲ့ သေဆုံးသူ ၂ ယောက် ရှိခဲ့ပေမဲ့ ဩဂုတ်လမှာ အီဘိုလာကင်းစင်တဲ့နိုင်ငံအဖြစ် ကြေညာခဲ့ပါတယ်။
ပြီးခဲ့တဲ့အပတ်က ကင်ညာနိုင်ငံဟာ ပြည်ပကနေ ဝင်လာတဲ့ ရောဂါဖြစ်ပွားသူတယောက်ကို ပထမဆုံးအကြိမ် အတည်ပြုခဲ့ပါတယ်။
သူဟာ ကွန်ဂိုနိုင်ငံကနေ ယူဂန်ဒါနိုင်ငံကိုဖြတ်ပြီး ခရီးသွားခဲ့တဲ့ ကင်ညာနိုင်ငံသားတယောက်ဖြစ်ပြီး နိုင်ရိုဘီမြို့မှာ သေဆုံးခဲ့ပါတယ်။
Source: Reuters











