
ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ အင်ပင်ကုန်းကျေးရွာအုပ်စု၊ ကျီးတောအင်းကျေးရွာအစပ်မှာ ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသားရုပ်အလောင်းတခုကို တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇူလိုင် ၁၇ ရက် မွန်းလွဲပိုင်းက ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသားအလောင်းကို အင်္ဂပူမြို့နယ်၊ အင်ပင်ကုန်းကျေးရွာအုပ်စု၊ ကျီးတောအင်းကျေးရွာအစပ်မှာ ဒေသခံတွေက စတင်တွေ့ရှိလို့ တာဝန်ရှိသူတွေကို အကြောင်းကြားခဲ့တာကြောင့် စစ်ဆေးဖို့အတွက် အလောင်းကို သယ်ယူသွားတယ်လို့ သိရပါတယ်။
ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “အသတ်ခံရတဲ့ အခြေအနေနဲ့ သေဆုံးသွားတဲ့ ပုံစံမျိုးနဲ့ အလောင်းကို တွေ့တာ။ ပုံမှန်မဟုတ်တဲ့ သေဆုံးမှုဖြစ်တယ်ဆိုပြီး ရဲက စစ်ဆေးနေပါတယ်” လို့ ပြောပါတယ်။
သေဆုံးသူဟာ အင်္ဂပူမြို့နယ်၊ အင်ပင်ကုန်းကျေးရွာအုပ်စု၊ အင်ပင်ကုန်းကျေးရွာသား မောင်ဇင်မျိုးအောင်ဖြစ်ပြီး၊ ဓားလို့ ယူဆရတဲ့အရာနဲ့ ထိုးခုတ်သတ်ဖြတ်ခံထားရတဲ့ ပုံစံမျိုးနဲ့ သေဆုံးလျက် တွေ့ရှိရတာလို့ ဆိုပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး မြန်အောင်မြို့နယ်၊ မဲဇလီကုန်းနယ်မြေ စစ်အာဏာရှင် ရဲစခန်းက ဒုရဲအုပ် သက်ဆွေဦး ဦးဆောင်တဲ့ တပ်ဖွဲ့က အသေးစိတ် စစ်ဆေးနေတယ်လို့ သိရပါတယ်။










