
ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် ထားဝယ်မှိုင်းပင် ဆေးဖက်ဝင် အကြောင်းကို လက်လှမ်းမီ ဆေးပညာမှ ရေးသားဖော်ပြသွားမှာ ဖြစ်ပါတယ်။
ထားဝယ်မှိုင်းပင်ကို သိပ္ပံလို Combretum indicum လို့ခေါ်ပြီး အင်္ဂလိပ်လို the Rangoon creeper or Burma creeper,Drunken Sailor, Akar Dani, Akar Suloh, Dani, Ara Dani, Akar Pontianak, Red Jasmine လို့ ခေါ်ကြပါတယ်။
ထားဝယ်မှိုင်းပင်မှာ ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ် စတဲ့ အာဟာရဓာတ်တွေနဲ့ flavonoid,quercetin,rutin, tannin, steroid, , alkaloid, terpenoid,B-sitosterol and lupeol, quisqualic acid, amino acid, saponin, isoenzyme A, isoenzyme B enzyme, pelargonidin- 3- glucoside, quisqualic acid, trigonelline, pelargonidin,mannitol,amino acid,arginine,aspartic acid,glutamic acid,serine, glycine,proline, leucine, valine, alanine, threonine, asparagine, histidine, lysine,Asiatic acid, arjunolic acid, oleanolic acid, nudifloric acid, vanillin, gallic acid,β-sitosterol ,Quinole carbonitrile, gallic acid, စတဲ့ ကျန်းမာရေးအကျိုးပြု ဓာတုဓာတ်ပေါင်းများ ပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်ခြင်း၊ ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ အကိုက်အခဲပျောက်ဆေး အာနိသင်ရှိခြင်း၊ ပိုးသတ်ဆေး/မှိုသတ်ဆေး အာနိသင်ရှိခြင်း၊ အူလမ်းကြောင်း ကပ်ပါးပိုးကို ဆန့်ကျင်ခြင်း၊ အစာလမ်းကြောင်းကျန်းမာရေးကို ထိန်းသိမ်းပေးခြင်း၊ အနာကျက်စေခြင်း၊ အရေပြားကျန်းမာရေးကို ထိန်းသိမ်းပေးခြင်း၊ အိပ်ပျော်စေခြင်း စတဲ့ အစွမ်းအာနိသင် ရှိပါတယ်။
ဆေးဘက်ဆိုင်ရာမှာ ထားဝယ်မှိုင်းပင်ရဲ့ အရွက်၊ အပွင့်၊ အစေ့ တို့ကို သုံးစွဲကြပါတယ်။ အစာခြေစနစ် မမှန်ခြင်းအတွက် ထားဝယ်မှိုင်းရွက် သတ္တုရည် ကော်ဖီ ၂ ဇွန်း သို့မဟုတ် အရွက်အနည်းငယ်ကို ဝါးစားပေးခြင်းဖြင့် အစာခြေလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးကို ထိန်းသိမ်းပေးပါတယ်။
အစာအိမ်ရောင်ရမ်းခြင်းအတွက် ထားဝယ်မှိုင်းရွက် ပြုတ်ရည်ကျကျ တခါသောက် ဟင်းစားဇွန်း ၁ ဇွန်း တနေ့ ၂-၃ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။
ဝမ်းပျက်ဝမ်းလျှောခြင်းအတွက် ထားဝယ်မှိုင်းအပွင့်/အရွက် ပြုတ်ရည်ကျကျကို တခါသောက် ရေနွေးကြမ်းပန်းကန်တဝက် တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။ ဝမ်းဖောဝမ်းရောင်ခြင်းအတွက် အရွက်နု/အပွင့်တို့ကို အတို့အမြှုပ်လုပ် စားပေးနိုင်ပါတယ်။
အူလမ်းကြောင်း သန်ကောင်/တုတ်ကောင်ရောဂါများအတွက် ထားဝယ်မှိုင်းစေ့ ၁၀ စေ့ခန့်ကို ညစာမစားမီ ၂ နာရီအလိုမှာ စားပါ။ ကလေးများသည် အစေ့ ၄ စေ့သာ သောက်ပါ။
ကလေးများ ဝမ်းလျှောခြင်းအတွက် အစေ့ပြုတ်ရည်ကို ကော်ဖီ ၂ ဇွန်း တနေ့ ၂ ကြိမ် တိုက်ကျွေးပေးနိုင်ပါတယ်။
အအေးမိ၊ ချောင်းဆိုးခြင်းများအတွက်၊ ထားဝယ်မှိုင်းပန်းနဲ့ အရွက် ၁ ဂရမ်၊ ပူစီနံရွက် ၅ ရွက်၊ လေးညှင်း ၂ ပွင့်ကို ရေသန့်သန့်ဖြင့် ဖျော်ပြီး တခါသောက် ဟင်းစားဇွန်း ၁ ဇွန်းကို တနေ့ ၂ ကြိမ် သောက်ပေးနိုင်ပါတယ်။
အမျိုးသားတွေ သုက်ရည်ယိုခြင်း၊ အားနည်းခြင်းတို့အတွက် ထားဝယ်မှိုင်း အရွက်နဲ့အပွင့် ၃ ဂရမ်ကို သတ္တုရည်ပြုလုပ်ပြီး တနေ့ ၂ ကြိမ် သောက်ပေးခြင်းဖြင့် သက်သာစေပါတယ်။
အမျိုးသမီးတွေ မီးယပ်အဖြူဆင်းခြင်းအတွက် ထားဝယ်မှိုင်း အရွက်/အပွင့် သတ္တုရည် ဟင်းစားဇွန်း ၁ ဇွန်းကို သကြားကော်ဖီ ၁ ဇွန်းနဲ့ တနေ့ ၁-၂ ကြိမ် သောက်ပေးနိုင်ပါတယ်။
ဆီးချိုရောဂါဝေဒနာရှင်တွေမှာ ထားဝယ်မှိုင်း အရွက်/အပွင့် သတ္တုရည် ဟင်းစားဇွန်း ၁ ဇွန်းကို တနေ့ ၂ ကြိမ် ပုံမှန်သောက်ပေးခြင်းဖြင့် သွေးတွင်းသကြားကို ထိန်းညှိရာမှာ တိုးတက်စေပါတယ်။
အရွက်ကို ထုထောင်းပြီး သွေးစုနာနဲ့ အနာများမှာ လိမ်းပေးခြင်း/အုံပေးခြင်းဖြင့် သက်သာစေပါတယ်။
ဆီးသွားစဉ် နာကျင်ကိုက်ခဲခြင်းနဲ့ ဆီးလမ်းကြောင်းဆိုင်ရာပြဿနာတွေမှာ အရွက်ပြုတ်ရည် တခါသောက် ရေနွေးကြမ်း ၁ ခွက်ကို သံပရာရည် အနည်းငယ်ထည့်ပြီး တနေ့ ၂-၃ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။
အနာတွေ၊ အဖုတွေနဲ့ အပူလောင်ခြင်းတွေအတွက် လတ်လတ်ဆတ်ဆတ် အပွင့်/အရွက် သတ္တုရည်ကို အုန်းဆီနဲ့ ရောစပ်ပြီး အရေပြားပြဿနာများမှာ လိမ်းပေးနိုင်ပါတယ်။ အနာကျက်နှုန်း မြန်ဆန်ပြီး အမာရွတ်များကို သက်သာစေပါတယ်။ နှင်းခူနဲ့ ယားယံနာများမှာလည်း လိမ်းဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။
အပွင့်အသင့်အတင့်ကို လက်သုပ်လုပ်စားပေးခြင်းဖြင့် အိပ်စက်ခြင်းကို တိုးတက်စေပြီး နှစ်ခြိုက်စွာ အိပ်ပျော်စေပါတယ်။
ထားဝယ်မှိုင်းပင်ဟာ စိတ်ငြိမ်စေသော အာနိသင်ရှိတာကြောင့် အပွင့်/အရွက်ကို ရေနွေးကြမ်းအဖြစ် အသင့်အတင့် သောက်သုံးပေးခြင်းက စိတ်ဖိစီးမှုကို သက်သာစေပြီး အေးချမ်းစွာ အိပ်စက်ခြင်းကို မြှင့်တင်ပေးပါတယ်။
ထားဝယ်မှိုင်းရွက်/အပွင့်တို့ကို ရေနွေးကြမ်းအဖြစ် ပုံမှန်သောက်သုံးပေးခြင်းက ဆီးချိုသွေးတိုး၊ နှလုံး စတဲ့ နာတာရှည်ရောဂါများ ဖြစ်ပွားနိုင်ခြေကို လျော့ပါးစေခြင်း၊ အစာလမ်းကြောင်းကျန်းမာရေးကို မြှင့်တင်ပေးခြင်း၊ ကိုယ်ခံစွမ်းအားကို တိုးတက်စေပြီး ရာသီပေါ်ရောဂါများဖြစ်ပွားမှုကို ခံနိုင်ရည်ရှိခြင်း၊ အိပ်ပျော်စေခြင်း စတဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ ရရှိစေနိုင်ပါတယ်။
ထားဝယ်မှိုင်းပင်ကို အသင့်အတင့် သုံးစွဲခြင်းက ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုး မရှိပေမဲ့ အလွန်အကျွံသုံးစွဲခြင်းကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ မအီမသာဖြစ်ခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းချုပ်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ ထားဝယ်မှိုင်းပွင့်နဲ့ ဓာတ်မတည့်သူများ ထားဝယ်မှိုင်းပင်ထွက်ပစ္စည်းများကို ရှောင်ကြည်ပါ။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်များ သုံးစွဲခြင်း မပြုသင့်ပါ။ Quisqualic acid ပါဝင်တာကြောင့် ဝက်ရူးပြန်ရောဂါရှိသူများ သောက်ဆေး/စားဆေးအနေဖြင့် အသုံးပြုခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။
နွေဦးပြည်သူများ ထားဝယ်မှိုင်းပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။










