
အီရန်စစ်ပွဲနဲ့ ဆက်စပ်နေတဲ့ သင်္ဘောလမ်းကြောင်း အနှောင့်အယှက်တွေကြောင့် ကင်ညာနိုင်ငံ၊ မွန်ဘာဆာ ဆိပ်ကမ်းမြို့က ဂိုဒေါင်တွေထဲမှာ လက်ဖက်ခြောက် ကီလိုဂရမ် ၈ သန်းလောက် သောင်တင်နေတာ သီတင်းပတ် အတော်ကြာနေပြီ ဖြစ်ပါတယ်။
ဒါဟာ နိုင်ငံခြားပို့ကုန်ဝင်ငွေနဲ့ တောင်သူတွေရဲ့ စားဝတ်နေရေးကို ခြိမ်းခြောက်နေပြီလို့ အရှေ့အာဖရိက လက်ဖက်ကုန်သည်များအသင်း (EATTA) ဥက္ကဋ္ဌက ပြောပါတယ်။
မတ် ၁ ရက်ကတည်းက စတင်ခဲ့တဲ့ ဆုံးရှုံးမှုတွေဟာ တပတ်ကို ဒေါ်လာ ၈ သန်းလောက်အထိ ရှိနေပြီလို့ မွန်ဘာဆာ လက်ဖက်လေလံစျေးကွက်ကို ဦးစီးနေတဲ့ အသင်းရဲ့ မန်နေဂျင်းဒါရိုက်တာ ဂျော့ဂျ် အိုမူဂါက ပြောပါတယ်။
“အရှေ့အလယ်ပိုင်းနိုင်ငံတွေဟာ ဒီ လက်ဖက်လေလံစျေးကွက်ရဲ့ ၂၀ ကနေ ၂၅ ရာခိုင်နှုန်းကို ဝယ်ယူနေတာဖြစ်ပြီး အီရန်နဲ့ အိမ်နီးချင်းဖြစ်တဲ့ ပါကစ္စတန်ကလည်း ၄၀ ရာခိုင်နှုန်းအထိ ဝယ်ယူနေတာပါ။ စျေးကွက်ရဲ့ ၆၅ ရာခိုင်နှုန်းလောက်ရှိတဲ့ ဈေးကွက်ဖြစ်တာကြောင့် ဒီစစ်ပွဲသာ ဆက်ဖြစ်နေမယ်ဆိုရင် လက်ဖက်ကုန်သွယ်မှုနဲ့ လုပ်ငန်းကွင်းဆက်မှာ ပါဝင်နေသူတွေအတွက် ဆိုးကျိုးတွေ ပိုပြင်းထန်လာပါလိမ့်မယ်။”
ဒီစစ်ပွဲကြောင့် ကမ္ဘာ့ကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းတွေ ပျက်စီးကုန်ပြီး သင်္ဘောလိုင်းကြီးတွေဟာ ဟော်မုဇ်ရေလက်ကြားနဲ့ ဘာ့ဘ် အယ်လ်မန်ဒက်ဘ် ရေလက်ကြားတွေကို ဖြတ်သန်းတာ ရပ်ဆိုင်းထားကြပါတယ်။
အဲဒီအစား အာဖရိကတိုက်ကို ပတ်ပြီး မောင်းနှင်နေရသလို ပင်လယ်ကွေ့ထဲက သင်္ဘောတွေကိုလည်း ဘေးကင်းရာမှာ ခိုလှုံခိုင်းထားရပြီး ပို့ဆောင်ခတွေကိုလည်း ဒေသတွင်း အရေးပေါ် အပိုဆောင်းကြေး ထပ်ဆောင်း ကောက်ခံနေပါတယ်။
ကင်ညာနိုင်ငံဟာ အရှေ့အလယ်ပိုင်းစျေးကွက်ကို တနှစ် ပျမ်းမျှ လက်ဖက်ခြောက် ကီလိုဂရမ် သန်း ၁၀၀ လောက် တင်ပို့နေတာလို့ အိုမူဂါက ပြောပါတယ်။
ပါကစ္စတန်နဲ့ အီဂျစ်ကိုသွားမဲ့ လက်ဖက်တွေကိုတော့ ဂွဒ်ဟုပ်အငူလမ်းကြောင်းကနေ ပို့ဆောင်နေဆဲဖြစ်ပေမဲ့ ခရီးရှည်တာကြောင့် ပို့ဆောင်ရေးစရိတ်နဲ့ အာမခံကြေးတွေ မြင့်တက်လာပြီး တင်ပို့သူတွေ အကျိုးအမြတ် လျော့နည်းလာပါတယ်။
တင်းမာမှုတွေ မြင့်တက်လာတာနဲ့အမျှ ကျေးရွာ လက်ဖက်ဝယ်ယူရေး စင်တာတွေမှာ နေ့စဉ် လိုအပ်တဲ့ ပစ္စည်းတွေအတွက် ငွေကြေးပြတ်လပ်သွားမှာကို တောင်သူတွေက စိုးရိမ်နေကြပါတယ်။
ယူကရိန်းစစ်ပွဲမတိုင်ခင်က ရုရှားဟာ ကင်ညာလက်ဖက် ကီလိုဂရမ် ၂၉ သန်း တင်သွင်းခဲ့ပေမဲ့ အဲဒီပမာဏက ကီလိုဂရမ် ၅ သန်းအထိ ကျဆင်းသွားခဲ့ပါတယ်။
Source: Reuters










