အီရန်အပေါ် အကန့်အသတ်မရှိ ရေကြောင်းပိတ်ဆို့ထားနိုင်ပြီး စီးပွားရေးဖိအားလည်း ထပ်တိုးသွားမယ်လို့ အမေရိကန်က ဩဂုတ် ၁၃ ရက်မှာ ပြောပါတယ်။
အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ်ဟဂ်ဆီသ်က ဒေသတွင်းမှာ စစ်သင်္ဘောတွေ အလှည့်ကျ ချထားပြီး ပိတ်ဆို့မှုကို ဆက်ထိန်းထားနိုင်တယ်လို့ ပနားမားခရီးစဉ်မှာ ပြောပါတယ်။
“စစ်သင်္ဘောတွေကို အလှည့်ကျ ပြောင်းလဲအသုံးပြုပြီး ဒီလိုပိတ်ဆို့မှုကို အကန့်အသတ်မရှိ ဆက်ထိန်းထားနိုင်ပါတယ်” လို့ ပိထ်ဟဂ်ဆီသ်က ပြောပါတယ်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်ကလည်း အီရန်အပေါ် နောက်သီတင်းပတ်မှာ ပိုပြင်းထန်တဲ့ စီးပွားရေးအရေးယူမှုတွေ ကြေညာမယ်လို့ ဆိုပါတယ်။
တဖက်မှာတော့ ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ဖို့ဆိုရင် အမေရိကန်ဘက်က စီးပွားရေးပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးပြီး ထိန်းချုပ်ထားတဲ့ အီရန်ပိုင်ဆိုင်မှုတွေ ပြန်ဖွင့်ပေးရမယ်လို့ အီရန်က တောင်းဆိုထားပါတယ်။
ဩဂုတ် ၁၃ ရက် ညနေပိုင်းမှာ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းနေတဲ့ အဘူဒါဘီ အမျိုးသားရေနံကုမ္ပဏီပိုင် သင်္ဘော ၂ စင်း တိုက်ခိုက်ခံရပြီး ယူအေအီးအစိုးရက အီရန်ရဲ့ တိုက်ခိုက်မှုလို့ ပြောပါတယ်။
စစ်ပွဲမတိုင်ခင် ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ရည် တင်ပို့မှု ၅ ပုံ ၁ ပုံ ဖြတ်သန်းခဲ့တဲ့ ဟော်မုဇ်ရေလက်ကြားမှာ သင်္ဘောသွားလာမှု သိသိသာသာ လျော့ကျသွားပါတယ်။
နိုင်ငံတကာ စွမ်းအင်အေဂျင်စီ (IEA) က ဒီနှစ် ကမ္ဘာ့ရေနံထောက်ပံ့မှု တရက်ကို စည် ၄ ဒသမ ၃ သန်း၊ ဒါမှမဟုတ် ၄ ရာခိုင်နှုန်းလောက် ကျဆင်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုတွေ မတိုးတက်သေးချိန်မှာ ဟော်မုဇ်ရေလက်ကြားအရေးနဲ့ အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကြောင့် ကမ္ဘာ့စီးပွားရေးနဲ့ စွမ်းအင်ဈေးကွက်အပေါ် ဖိအား ပိုတိုးလာနေပါတယ်။
Source: Reuters











