
ရန်ကုန်အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက သံတမန်လုပ်ငန်းစဉ် မဟာဗျူဟာ မူဘောင်ကို အများပြည်သူတွေသိရှိဖို့ နိုင်ငံခြားရေးဌာန ဝက်ဆိုက်မှာ မကြာသေးခင်က ထုတ်ပြန်ထားပါတယ်။
၂၀၂၆ ခုနှစ် သြဂုတ် ၃၁ ရက်မှာ အတည်ပြုထားတဲ့ ဒီမူဝါဒတွေထဲမှာ ပါဝင်တဲ့ ရည်မှန်းချက်တွေကတော့ မြန်မာနိုင်ငံမှ စတင်ဖြစ်ပေါ်လာတဲ့ နိုင်ငံဖြတ်ကျော် ခြိမ်းခြောက်မှုတွေကနေ အမေရိကန်နိုင်ငံသားတွေနဲ့ အမေရိကန်ပြည်ထောင်စုကို ကာကွယ်ဖို့၊ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကာ မြန်မာနိုင်ငံနဲ့ ဆက်နွှယ်နေတဲ့ ဒုစရိုက်ကွန်ရက်တွေကို ဖြိုခွင်းဖို့၊ မြန်မာအာဏာပိုင်တွေနဲ့ ပြန်လည်လက်ခံရေး ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရင်း မြန်မာနိုင်ငံသားတွေရဲ့ ပြည်ဝင်ခွင့်ဗီဇာ သက်တမ်းလွန် နေထိုင်မှုလုံးဝမရှိအောင် လျှော့ချဖို့တွေပါဝင်ပါတယ်။
စီးပွားရေးနဲ့ ပတ်သက်လို့ အမေရိကန် ပို့ကုန်အခွင့်အလမ်းတွေကို တိုးချဲ့ခြင်းဖြင့် ကုန်သွယ်ရေးလိုငွေပြမှုကို ဖြေရှင်းဖို့၊ ဒေါ်လာ ၅ သန်းထက် ပိုမိုတန်ဖိုးရှိတဲ့ အဓိက စီးပွားရေး ဒါမှမဟုတ် ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက် အနည်းဆုံး ၃ ခုကို ရယူခြင်းဖြင့် မြန်မာနိုင်ငံမှာ အမေရိကန်ပြည်ထောင်စုအား အဓိက ကုန်သွယ်ဖက်နဲ့ ကုန်ပစ္စည်းတင်ပို့သူအဖြစ် နေရာယူဖို့၊ ၂၀၃၀ ပြည့်နှစ် မတိုင်မီ ပစ်မှတ်ထား စိစစ်စည်းရုံးမှုတွေကနေ တဆင့် အမေရိကန် ကုန်ပစ္စည်းနဲ့ စိုက်ပျိုးရေးထုတ်ကုန်တွေ တင်သွင်းမှုကို ၃ ဆအထိ တိုးမြှင့်ဖို့ ပါဝင်ပါတယ်။
ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့တော့ မြန်မာနိုင်ငံမှာ အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို အထောက်အကူပြုတဲ့ အခြေအနေတွေကို မြှင့်တင်ဖို့၊ ၂၀၃၀ ပြည့်နှစ်အရောက်မှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ကို ဦးတည်တဲ့ တိုက်ခိုက်မှုတွေ ရပ်စဲရေးနဲ့ ခိုင်မာတဲ့ အပစ်အခတ်ရပ်စဲရေး ရရှိအောင် ကြိုးပမ်းမှုတွေကို ကူညီပံ့ပိုးဖို့ ရည်မှန်းချက်တွေ ပါဝင်ပါတယ်။
ဒါ့အပြင် အမေရိကန်ရဲ့ ဩဇာလွှမ်းမိုးမှုကို တိုးမြှင့်ဖို့နဲ့ တခြားဒေသတွင်း အင်အားကြီးနိုင်ငံတွေထက် အမေရိကန်ရဲ့ ရင်းနှီးမြှုပ်နှံမှုအတွက် ပိုမိုကောင်းမွန်တဲ့ ပတ်ဝန်းကျင်တခု ဖန်တီးဖို့ ၂၀၃၀ ပြည့်နှစ် မတိုင်မီ တနိုင်ငံလုံးဆိုင်ရာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြုလုပ်နိုင်ရေး ပြည်နယ်နဲ့ ဒေသဆိုင်ရာ အတိုက်အခံအဖွဲ့အစည်းတွေအကြား သဘောထားကွဲလွဲမှုကို လျှော့ချဖို့ပါဝင်ပါတယ်။
အမေရိကန် ဩဇာလွှမ်းမိုးမှု တိုးမြှင့်ရေး
ဒေသတွင်း ဩဇာလွှမ်းမိုးမှု တိုးမြှင့်ဖို့ အမေရိကန်ရဲ့ ပါဝင်ပတ်သက်မှုကို တိုးချဲ့ဖို့နဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ ပါဝင်ပတ်သက်မှုဟာ အမေရိကန်နဲ့ မြန်မာ နှစ်နိုင်ငံလုံးအတွက် ဘယ်လို အကျိုးရှိတယ်ဆိုတာကို ဖော်ပြတဲ့ လုပ်ငန်းခွင်အဆင့် သံတမန်ရေးရာ ထိတွေ့ဆက်ဆံမှုနဲ့ ပစ်မှတ်ထား အများပြည်သူ သတင်းပြန်ကြားရေးတို့ကို တိုးချဲ့ခြင်းဖြင့် မြန်မာနိုင်ငံမှာ အမေရိကန်ရဲ့ ဩဇာလွှမ်းမိုးမှုကို ခိုင်မာစေဖို့ မျှော်မှန်းထားပါတယ်။
အမေရိကန်ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေဟာ မိတ်ဖက်တွေရဲ့ ပံ့ပိုးကူညီမှုတွေကို ထိရောက်စွာ အသုံးပြပြီး မြန်မာနိုင်ငံရဲ့ ထိခိုက်လွယ်ဆုံး ပြည်သူ အနည်းဆုံး ၅၀ ရာခိုင်နှုန်း (လူဦးရေ ၃ သန်း) ထံ ရောက်ရှိစေဖို့နဲ့ အမေရိကန်အား ထိပ်တန်း လူသားချင်းစာနာမှုအလှူရှင်အဖြစ် ထူထောင်နိုင်ဖို့ အမေရိကန် ကူညီပံ့ပိုးတဲ့ အစီအစဉ်တွေရဲ့ ပေါ်လွင်ထင်ရှားမှုကို တိုးမြှင့်မယ်လို့ ဆိုပါတယ်။
သံတမန်အဖွဲ့ခေါင်းဆောင်၏ ဦးစားပေးလုပ်ငန်းများ
ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးဟာ မြန်မာနိုင်ငံမှ စတင်ဖြစ်ပေါ်လာတဲ့ နိုင်ငံဖြတ်ကျော် ခြိမ်းခြောက်မှုတွေကနေ အမေရိကန်နိုင်ငံသားတွေကို ကာကွယ်ခြင်း၊ အမေရိကန်ရဲ့ အကျိုးစီးပွာတွေကို ကာကွယ်ခြင်းနဲ့ စိန်ခေါ်မှုတွေပြည့်နှက်နေတဲ့ ပတ်ဝန်းကျင်မှာ ဒေသတွင်း တည်ငြိမ်ရေးကို ထောက်ပံ့ခြင်းတို့ဖြင့် ထရမ့်ပ်အစိုးရအဖွဲ့ရဲ့ အမျိုးသားလုံခြုံရေး မဟာဗျူဟာ ဦးစားပေးတွေကို အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။
တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့ရဲ့ အိမ်နီးချင်းအဖြစ် အရှေ့တောင်အာရှမှာ တည်ရှိတဲ့ မြန်မာနိုင်ငံရဲ့ မဟာဗျူဟာကျတဲ့ တည်နေရာနဲ့ ဆက်လက်ဖြစ်ပွားနေတဲ့ နိုင်ငံရေး၊ လူသားချင်းစာနာမှုဆိုင်ရာ စိန်ခေါ်မှုတွေဟာ မြန်မာနိုင်ငံအား အမေရိကန်ပြည်ထောင်စုအတွက် အလွန်ရေးပါတဲ့ နိုင်ငံတနိုင်ငံ ဖြစ်စေတယ်လို့ မဟာဗျူဟာမှာ သတ်မှတ်ထားပါတယ်။
ပထမဆုံးအချက်အနေနဲ့ အွန်လိုင်း လိမ်လည်လှည့်မှု (scams)နဲ့ မူးယစ်ဆေးဝါး ကုန်ကူးမှုတွေ အပါအဝင် ဒုစရိုက်ကွန်ရက်တွေကို ဖြိုခွင်းတာနဲ့ အမေရိကန်မှာ မြန်မာနိုင်ငံသားတွေရဲ့ ဗီဇာသက်တမ်းလွန် နေထိုင်မှုနှုန်းကို သုညအထိ လျှော့ချခြင်းအားဖြင့် မြန်မာနိုင်ငံမှ စတင်ဖြစ်ပေါ်လာတဲ့ နိုင်ငံဖြတ်ကျော် ခြိမ်းခြောက်မှုတွေကနေ အမေရိကန်နိုင်ငံသားတွေနဲ့ အမေရိကန် ပြည်ထောင်ကို ကာကွယ်သွားမယ်လို့ ဆိုပါတယ်။
သံတမန်အဖွဲ့ဟာ အမေရိကန်ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့ တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစေခြင်း၊ ပြန်လည်လက်ခံရေး ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ခြင်းနဲ့ အဓိက တရားဥပဒေစိုးမိုးရေး အရေးယူဆောင်ရွက်မှုတွေကို ပံ့ပိုးပေးခြင်းတို့ ပြုလုပ်သွားမယ်၊ မြန်မာနိုင်ငံအခြေစိုက် အွန်လိုင်းလိမ်လည်မှုတွေကို တိုက်ဖျက်နိုင်စွမ်း တိုးတက်စေဖို့ သံရုံးအနေနဲ့ တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်တခု ရရှိရေး ဆောင်ရွက်သွားမယ်လို့လည်း ဗျူဟာချမှတ်ထားပါတယ်။
ဒုတိယအချက်အနေနဲ့တော့ မြန်မာနဲ့ အမေရိကန် နှစ်နိုင်ငံ ကုန်သွယ်ရေးလိုငွေပြမှုကို ဖြေရှင်းသွားမယ်၊ ဒီလိုဆောင်ရွက်ဖို့ မြန်မာကုမ္ပဏီတွေနဲ့ နေပြည်တော်ရှိ အဓိက ဆုံးဖြတ်ချက်ချမှတ်သူတွေနဲ့ အတူ ဌာနပေါင်းစုံ ပါဝင်တဲ့ ထိရောက်တဲ့ စိစစ်စည်းရုံးမှုတွေ ပြုလုပ်ပြီး အမေရိကန် ကုမ္ပဏီတွေအတွက် စည်းမျဉ်းစည်းကမ်း ပတ်ဝန်းကျင် ပိုမိုကောင်းမွန်လာစေဖို့ လိုအပ်တယ်၊ အမေရိကန် ကုမ္ပဏီတွေအတွက် ပွင့်လင်းမြင်သာပြီး ခန့်မှန်းတွက်ဆနိုင်တဲ့ ပို့ကုန်သွင်းကုန် လိုင်စင်နဲ့ နိုင်ငံခြားငွေခွဲဝေမှု အတည်ပြုချက် စနစ်တခု ရရှိရေး အမေရိကန် ကုန်သည်ကြီးများအသင်း (American Chamber of Commerce) နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်၊ ဒီကြိုးပမ်းမှုဟာ အမေရိကန်မှ တင်သွင်းမှုကို ၃ ဆ တိုးမြှင့်ဖို့နဲ့ အနည်းဆုံး ဒေါ်လာ ၅ သန်းထက်မနည်း တန်ဖိုးရှိတဲ့ အဓိက ကုန်သွယ်ရေး ဒါမှမဟုတ် ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက် ၃ ခု ရယူနိုင်ဖို့ ရည်ရွယ်တယ်လို့ဆိုပါတယ်။
တတိယအချက်အနေနဲ့၊ ခိုင်မာတဲ့ အပစ်အခတ်ရပ်စဲရေး ရရှိဖို့ ကြိုးပမ်းမှုတွေကို ကူညီပံ့ပိုးပေးခြင်းနဲ့ ခိုင်မာတဲ့ သဘောတူညီချက်တွေ ဒါမှမဟုတ် မူဝါဒအဆိုပြုချက်တွေ ထွက်ပေါ်လာစေတဲ့ အဖွဲ့အစည်းပေါင်းစုံ ပါဝင်တဲ့ ဆွေးနွေးပွဲ ဖိုရမ် အနည်းဆုံး ၃ ခုကို ကူညီဆောင်ရွက်ပေးခြင်းဖြင့် သမ္မတထရမ့်ပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ငြိမ်းချမ်းရေးအစီအစဉ်ကို မြှင့်တင်ဆောင်ရွက်သွားမယ်၊ ဒီဆောင်ရွက်ချက်တွေဟာ ပြည်နယ်နဲ့ ဒေသဆိုင်ရာ အတိုက်အခံ အဖွဲ့အစည်းတွေကြား သဘောထားကွဲလွဲမှုတွေကို လျှော့ချပေးမှာဖြစ်ပြီး တနိုင်ငံလုံးဆိုင်ရာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေအတွက် ပြင်ဆင်ပေးနိုင်မှာဖြစ်ကာ တခြားဒေသတွင်း အင်အားကြီးနိုင်ငံတွေထက် အမေရိကန်ရဲ့ ရင်းနှီးမြှုပ်နှံမှုအတွက် ပတ်ဝန်းကျင်ကောင်းတခု ဖန်တီးပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။
စတုတ္ထအချက်အနေနဲ့ သံတမန်ရေး၊ စီးပွားရေးနဲ့ အများပြည်သူ ထိတွေ့ဆက်ဆံမှုတွေကို ပိုမိုနက်ရှိုင်းစေခြင်း၊ လုပ်ငန်းခွင်အဆင့် ဆက်ဆံရေးတွေကို တိုးချဲ့ခြင်းနဲ့ နှစ်နိုင်ငံလုံးအတွက် အမေရိကန်ရဲ့ ထိတွေ့ဆက်ဆံမှုဆိုင်ရာ အကျိုးကျေးဇူးတွေကို ဖော်ပြတဲ့ ပစ်မှတ်ထား ပြန်ကြားရေးတွေကို ဆောင်ရွက်ခြင်းတို့ဖြင့် အမေရိကန်ရဲ့ ဒေသတွင်း ဩဇာလွှမ်းမိုးမှုကို တိုးချဲ့သွားမယ်၊ အမေရိကန်ရဲ့ လူသားချင်းစာနာမှု အကူအညီတွေဟာ မိတ်ဖက်တွေရဲ့ ပံ့ပိုးမှုတွေကို စည်းရုံးနိုင်တဲ့ တွန်းအားတခုအဖြစ် ဆောင်ရွက်ပြီး မြန်မာနိုင်ငံရဲ့ ထိခိုက်လွယ်ဆုံး ပြည်သူ အနည်းဆုံး ၅၀ ရာခိုင်နှုန်း (လူဦးရေ ၃ သန်း) ထံ ရောက်ရှိစေဖို့ ဆောင်ရွက်မယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အမေရိကန် ပံ့ပိုးပေးထားတဲ့ အစီအစဉ်တွေရဲ့ ပေါ်လွင်ထင်ရှားမှုကို တိုးမြှင့်သွားမှာ ဖြစ်သလို၊ အမေရိကန် ပြည်သူတွေကို ကာကွယ်ဖို့ မြန်မာနိုင်ငံရဲ့ ကူးစက်ရောဂါ စောင့်ကြည့်စစ်ဆေးရေးနဲ့ တုံ့ပြန်ဆောင်ရွက်ရေး စွမ်းရည်တွေကို ခိုင်မာအောင် လုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။
သမ္မတထရမ့်ပ်၏ "အမေရိက ပထမ" မူဝါဒ
အမေရိကန်ရဲ့ ချဉ်းကပ်မှုသည် သမ္မတထရမ့်ရဲ့ "အမေရိက ပထမ" နိုင်ငံခြားရေးမူဝါဒ (America First Foreign Policy)၊ အမျိုးသားလုံခြုံရေး မဟာဗျူဟာနဲ့ နိုင်ငံခြားရေးဌာနရဲ့ အေဂျင်စီ မဟာဗျူဟာမံကိန်းတို့ပေါ်မှာ အခြေခံထားပါတယ်။ အမေရိကန်ရဲ့ ဩဇာလွှမ်းမိုးမှုကို မြှင့်တင်ဖို့နဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနဲ့ လုံခြုံရေးတို့အတွက် ဟန်ချက်ညီတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နိုင်ဖို့ Asia Quad (ဩစတြေးလျ၊ အိန္ဒိယ၊ ဂျပန် နဲ့ အမေရိကန်)၊ Asia Troika (ဂျပန်၊ တောင်ကိုရီးယားနဲ့ အမေရိကန်) နဲ့ အာဆီယံ အပါအဝင် ဒေသတွင်း မိတ်ဖက်တွေနဲ့ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမယ်။ ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးဟာ အမေရိကန်ရဲ့ အကျိုးစီးပွားတွေကို မြှင့်တင်ပေးပြီး ဒေသတွင်း တည်ငြိမ်မှုကို ခိုင်မာစေမဲ့ ရလဒ်တွေ ဖော်ဆောင်ပေးဖို့ သန္နိဋ္ဌာန်ချထားပါတယ်။
နိုင်ငံဖြတ်ကျော် ခြိမ်းခြောက်မှုများ ကာကွယ်ရေး
ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးဟာ အွန်လိုင်းလိမ်လည်မှုတွေ၊ မူးယစ်ဆေးဝါး ကုန်ကူးမှုတွေနဲ့ တရားမဝင် ဝင်ရောက်နေထိုင်မှုတွေ အပါအဝင် မြန်မာနိုင်ငံမှ စတင်ဖြစ်ပေါ်လာတဲ့ နိုင်ငံဖြတ်ကျော် ခြိမ်းခြောက်မှုတွေကို ဖြိုခွင်းခြင်းနဲ့ အမေရိကန်နိုင်ငံသားတွေနဲ့ အမိနိုင်ငံကို ကာကွယ်သွားမယ်၊ တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစေခြင်းနဲ့ နယ်စပ်လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်းတို့မှကနေ တဆင့် သံတမန်အဖွဲ့ဟာ အမေရိကန်နိုင်ငံသားတွေအတွက် ဘေးအန္တရာယ်တွေကို လျှော့ချပြီး အမေရိကန်ရဲ့ အချုပ်အခြာအာဏာကို ထိန်းသိမ်းသွားမယ်၊ ဒီပန်းတိုင်ဟာ အမေရိကန်တို့ရဲ့ နယ်စပ်တွေကို လုံခြုံစေဖို့နဲ့ နိုင်ငံဖြတ်ကျော် ပြစ်မှုတွေကို တိုက်ဖျက်ဖို့ အစိုးရအဖွဲ့ရဲ့ ဦးစားပေးတွေကို တိုက်ရိုက်မြှင့်တင်ပေးတယ်လို့ဆိုပါတယ်။
ဗီဇာသက်တမ်းလွန် နေထိုင်သူများ ပြန်ပို့ရေး
အာဏာပိုင်တွေနဲ့ ပြန်လည်လက်ခံရေး ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ခြင်းတို့ဖြင့် မြန်မာနိုင်ငံမှ ဗီဇာသက်တမ်းလွန် နေထိုင်မှုတွေနဲ့ တရားမဝင် ဝင်ရောက်မှုကို လျှော့ချသွားမယ်။ မြန်မာနိုင်ငံသားတွေဟာ ၂၀၂၄ ဘဏ္ဍာရေးနှစ်မှာ B-1/B-2 ဗီဇာကိုင်ဆောင်သူတွေထဲမှာ သက်တမ်းလွန် နေထိုင်မှု ၃၈ ရာခိုင်နှုန်းရှိပြီး ဒါဟာ အမေရိကန်ပြည်ထောင်စုရဲ့ သက်တမ်းလွန် နေထိုင်မှုနှုန်း အမြင့်ဆုံး ဖြစ်နေတယ်၊ ဒါဟာ အမေရိကန် နယ်စပ်ခိုင်မာရေးနဲ့ လူဝင်မှုကြီးကြပ်ရေး စနစ် ကျင့်သုံးမှုအတွက် တိုက်ရိုက်စိန်ခေါ်မှု ဖြစ်နေတယ်၊ ရွှေ့ပြောင်းနေထိုင်မှု စီမံခန့်ခွဲမှုကို တိုးတက်စေတာနဲ့ ပိုမိုစိတ်ချရတဲ့ ပြန်လည်လက်ခံရေး မူဘောင်တခု တည်ဆောက်ခြင်းဖြင့် သံတမန်အဖွဲ့ဟာ အမေရိကန်ရဲ့ အချုပ်အခြာအာဏာကို ကာကွယ်မှာဖြစ်ပြီး ပြစ်မှုကြောင်းရာ ရာဇဝင်ရှိတဲ့ မြန်မာရွှေ့ပြောင်းနေထိုင်သူတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဘေးအန္တရာယ်တွေကို လျှော့ချကာ အမေရိကန် လူဝင်မှုကြီးကြပ်ရေးစနစ်ရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းသွားမယ်။ ဒီရည်မှန်းချက်မှာ အမေရိကန် နယ်စပ်တွေကို လုံခြုံစေရန်နဲ့ တရားဥပဒေနဲ့ အညီ ရွှေ့ပြောင်းနေထိုင်ရေး သေချာစေဖို့ အစိုးရအဖွဲ့ရဲ့ ဦးစားပေးတွေကို တိုက်ရိုက်ထောက်ပံ့ပါတယ်။
အမေရိကန် ပို့ကုန်တိုးမြှင့်ရေးနှင့် ကုန်သွယ်ရေးလိုငွေပြမှု ဖြေရှင်းရေး
သံတမန်အဖွဲ့ဟာ အမေရိကန် ပို့ကုန်နဲ့ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတွေကို တိုးချဲ့ခြင်းဖြင့် မြန်မာနိုင်ငံနဲ့ အမေရိကန်ရဲ့ ကုန်သွယ်ရေး လိုငွေပြမှုကို လျှော့ချဖို့ ဆောင်ရွက်သွားမယ်။ တရားမျှတတဲ့ ဈေးကွက်ဝင်ရောက်ခွင့်အတွက် စိစစ်စည်းရုံးခြင်းနဲ့ အမေရိကန် စီးပွားရေးလုပ်ငန်းတွေကို ပံ့ပိုးပေးခြင်းဖြင့် သံတမန်အဖွဲ့ဟာ အမေရိကန်ပြည်ထောင်စုအား အဓိက စီးပွားရေးမိတ်ဖက်အဖြစ် နေရာယူ စေမှာဖြစ်ပြီး နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးမယ်။ ဒီပန်းတိုင်ဟာ အမေရိကန်ရဲ့ စီးပွားရေးအကျိုးစီးပွားတွေကို မြှင့်တင်ဖို့နဲ့ ထောက်ပံ့ရေးကွင်းဆက် လုံခြုံရေးကို ခိုင်မာစေဖို့ အစိုးရအဖွဲ့ရဲ့ ဦးစားပေးနဲ့ ကိုက်ညီတယ်လို့ဆိုပါတယ်။
တခုကို ဒေါ်လာ ၅ သန်းထက် ပိုမိုတန်ဖိုးရှိတဲ့ အဓိက စီးပွားရေး ဒါမှမဟုတ် ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက် အနည်းဆုံး ၃ ခုကို ရယူခြင်းဖြင့် မြန်မာနိုင်ငံမှာ အမေရိကန်ပြည်ထောင်စုအား အဓိက ကုန်သွယ်ဖက်နဲ့ ကုန်ပစ္စည်းတင်ပို့သူအဖြစ် နေရာယူဖို့ ရည်ရွယ်ပါတယ်။
ဒီရည်မှန်းချက်ဟာ အမေရိကန် ကုမ္ပဏီတွေအတွက် အနည်းဆုံး အဓိက စီးပွားရေး ဒါမှမဟုတ် အခြေခံအဆောက်အအုံ သဘောတူညီချက် ၃ ခု ရရှိရန် ကြိုးပမ်းခြင်းဖြင့် အမေရိကန်ပြည်ထောင်စုကို ထိပ်တန်း ကုန်သွယ်ဘက်အဖြစ် နေရာယူစေဖို့ ဖြစ်တယ်။ အဆင့်မြင့် စိစစ်စည်းရုံးမှုတွေနဲ့ ဌာနပေါင်းစုံ ပေါင်းစပ်ညှိနှိုင်းမှုတွေကို အသုံးပြုပြီး သံတမန်အဖွဲ့ဟာ အမေရိကန် စီးပွားရေး အကျိုးစီးပွားတွေနဲ့ ပို့ကုန်တွေကို မြှင့်တင်ပေးမှဦဖြစ်ပြီး မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးပေးမယ်။ ဒီရည်မှန်းချက်ကို အောင်မြင်စွာ ဖော်ဆောင်တာဟာ ကုန်သွယ်ရေး ဟန်ချက်ညီစေဖို့၊ အမေရိကန် အလုပ်အကိုင်တွေကို မြှင့်တင်ဖို့နဲ့ မတရားသော ကုန်သွယ်မှု လုပ်ထုံးလုပ်နည်းတွေကို တုံ့ပြန်ဖို့ အစိုးရအဖွဲ့ရဲ့ ဦးစားပေးတွေကို တိုးမြှင့်ပေးမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ဗဟိုထိန်းချုပ် စီးပွားရေးစနစ်ဟာ ကုမ္ပဏီတွေအနေနဲ့ ကုန်ပစ္စည်း တင်သွင်းဖို့ အတည်ပြုချက်တွေ ရယူဖို့ လိုအပ်ပြီး၊ နိုင်ငံခြားငွေ လိုအပ်ချက်ကြောင့် လိုင်စင်တွေ ထုတ်ပေးနိုင်ခြင်း မရှိဘဲ အမေရိကန် စီးပွားရေးလုပ်ငန်းတွေကို ထိခိုက်စေကာ တင်သွင်းမှုတွေကို ကန့်သတ်ထားသလို ဖြစ်နေတယ်လို့ အမေရိကန်သံရုံးက သုံးသပ်ထားပါတယ်။
သံတမန်အဖွဲ့ဟာ မြန်မာနိုင်ငံသို့ အမေရိကန် ကုန်ပစ္စည်းတွေနဲ့ စိုက်ပျိုးရေး ထုတ်ကုန်တွေ တင်သွင်းမှုကို ၃ ဆ တိုးမြှင့်နိုင်ဖို့ စိစစ်စည်းရုံးသွားမယ်။ မြန်မာအာဏာပိုင်တွေနဲ့ ထိတွေ့ဆက်ဆံခြင်းနဲ့ စည်းမျဉ်းစည်းကမ်း အတားအဆီးတွေကို ဖြေရှင်းခြင်းဖြင့် သံတမန်အဖွဲ့ဟာ အမေရိကန် ကုန်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေအတွက် ဈေးကွက်ဝင်ရောက်ခွင့်ကို တိုးချဲ့သွားမယ်။ ဒီရည်မှန်းချက်ဟာ အမေရိကန် ပို့ကုန်တွေကို မြှင့်တင်ဖို့၊ အမေရိကန် အလုပ်အကိုင်တွေ ဖန်တီးဖို့နဲ့ အမေရိကန် စီးပွားရေးလုပ်ငန်းတွေအတွက် မျှတတဲ့ ယှဉ်ပြိုင်မှုအခင်းအကျင်း သေချာစေဖို့ အစိုးရအဖွဲ့ရဲ့ ဦးစားပေးတွေကို အထောက်အကူပြုတယ်လို့ သုံးသပ်ထားပါတယ်။
အားလုံးပါဝင်သော ငြိမ်းချမ်းရေးအစီအစဉ်
အမေရိကန် သံတမန်အဖွဲ့ဟာ ခိုင်မာတဲ့ အပစ်အခတ်ရပ်စဲရေး ရရှိရေး ကြိုးပမ်းမှုတွေကို ကူညီပံ့ပိုးမှာဖြစ်ပြီး သမ္မတထရမ့်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ငြိမ်းချမ်းရေးအစီအစဉ်ကို မြှင့်တင်သွားမယ်၊ တွေ့ဆုံဆွေးနွေးမှုတွေကို လွယ်ကူချောမွေ့စေခြင်းနဲ့ အဖွဲ့အစည်းပေါင်းစုံ ပါဝင် ထိတွေ့ဆက်ဆံမှုတွေကို ကူညီပေးခြင်းဖြင့် သံတမန်အဖွဲ့ဟာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အခြေခံအုတ်မြစ်ချပေးဖို့ ကူညီမယ်။ ဒီပန်းတိုင်ဟာ တည်ငြိမ်ရေး၊ လူ့အခွင့်အရေးနဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးတို့ကို မြှင့်တင်ဖို့ အစိုးရအဖွဲ့ရဲ့ ဦးစားပေးနဲ့ ကိုက်ညီတယ်လို့ဆိုပါတယ်။
၂၀၃၀ ပြည့်နှစ်အရောက်မှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ကို ဦးတည်တဲ့ တိုက်ခိုက်မှုတွေ ရပ်စဲရေးနဲ့ ခိုင်မာတဲ့ အပစ်အခတ်ရပ်စဲရေး ရရှိဖို့ ကြိုးပမ်းမှုတွေကို ကူညီပံ့ပိုးပေးဖို့ ရည်ရွယ်တယ်၊ သံတမန်အဖွဲ့ဟာ သက်ဆိုင်သူ အားလုံးနဲ့ ထိတွေ့ဆက်ဆံမှာဖြစ်ပြီး နည်းပညာဆိုင်ရာ အကူအညီတွေပေးအပ်သွားမှာဖြစ်ကာ ဆွေးနွေးပွဲတွေ လွယ်ကူချောမွေ့စေဖို့ နိုင်ငံတကာ မိတ်ဖက်တွေနဲ့ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမယ်၊ ဒီရည်မှန်းချက် အောင်မြင်တာဟာ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ လူ့အခွင့်အရေးကို မြှင့်တင်ဖို့ အစိုးရအဖွဲ့ရဲ့ ဦးစားပေးတွေကို တိုးမြှင့်ပေးမယ်လို့ ဆိုပါတယ်။
အမေရိကန်ရဲ့ ဩဇာလွှမ်းမိုးမှုကို တိုးမြှင့်ဖို့နဲ့ တခြားဒေသတွင်း အင်အားကြီးနိုင်ငံတွေထက် အမေရိကန်ရဲ့ ရင်းနှီးမြှုပ်နှံမှုအတွက် ပိုမိုကောင်းမွန်တဲ့ ပတ်ဝန်းကျင်တခု ဖန်တီးဖို့အတွက် ၂၀၃၀ ပြည့်နှစ် မတိုင်မီ တနိုင်ငံလုံးဆိုင်ရာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြုလုပ်နိုင်ရေး ပြည်နယ်နဲ့ ဒေသဆိုင်ရာ အတိုက်အခံအဖွဲ့အစည်းတွေအကြား သဘောထားကွဲလွဲမှုတွေကို လျှော့ချသွားဖို့ မျှော်မှန်းထားပါတယ်။
ဒါ့အပြင် အမေရိကန် သံတမန်အဖွဲ့ဟာ မြန်မာနိုင်ငံမှာ ဘဏ္ဍာရေးဆိုင်ရာ ဖက်ဒရယ်စနစ်နဲ့ နယ်မြေပိုင်းခြားသတ်မှတ်မှုတို့ကို မြှင့်တင်ပေးမဲ့ ခိုင်မာတဲ့ သဘောတူညီချက် ဒါမှမဟုတ် မူဝါဒအဆိုပြုချက်တွေ ထွက်ပေါ်လာစေတဲ့ အဖွဲ့အစည်းပေါင်းစုံ ပါဝင်တဲ့ ဆွေးနွေးပွဲ ဖိုရမ် အနည်းဆုံး ၃ ခုကို ကူညီဆောင်ရွက်ပေးမယ်လို့ ဆိုပါတယ်။
ဒါဟာ မြန်မာနိုင်ငံရဲ့ ကြွယ်ဝတဲ့ မြေရှားသတ္တု (rare earth) သယံဇာတတွေကို ရယူနိုင်မဲ့ အခွင့်အလမ်းတွေ ဖန်တီးပေးမှာဖြစ်ကာ ငွေလိမ်စခန်းတွေကိုလည်း တိုက်ဖျက်ပေးနိုင်မယ်။ ဗဟို၊ ပြည်နယ်နဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေအကြား သဘောထားကွဲလွဲမှုတွေကို လျှော့ချခြင်းဖြင့် သံတမန်အဖွဲ့ဟာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးနဲ့ အားလုံးပါဝင်တဲ့ အုပ်ချုပ်ရေးအတွက် အခြေအနေတွေ ဖန်တီးပေးဖို့ ကူညီမယ်၊ ဒီရည်မှန်းချက်ဟာ ကောင်းမွန်တဲ့ အုပ်ချုပ်ရေး၊ အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ဒေသတွင်း တည်ငြိမ်ရေးတို့ကို မြှင့်တင်ဖို့ အစိုးရအဖွဲ့ရဲ့ ဦးစားပေးတွေကို အထောက်အကူပြုတယ်လို့ သုံးသပ်ဖော်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ ဒေသတွင်း ဩဇာလွှမ်းမိုးမှုကို အားကောင်းစေဖို့နဲ့ မသမာတဲ့ လုပ်ဆောင်သူတွေကို တုံ့ပြန်ဖို့ မြန်မာနိုင်ငံမှာ သံတမန်ရေး၊ စီးပွားရေးနဲ့ အများပြည်သူဆိုင်ရာ ထိတွေ့ဆက်ဆံမှုတွေကို တိုးချဲ့သွားမယ်။ ဆက်ဆံရေးတွေကို ပိုမိုနက်ရှိုင်းစေခြင်းနဲ့ အမေရိကန်ရဲ့ ဦးဆောင်မှုကို ပိုမိုထင်ရှားစေခြင်းဖြင့် သံတမန်အဖွဲ့ဟာ အမေရိကန်ကို မြန်မာနိုင်ငံရဲ့ မဟာဗျူဟာမြောက် မိတ်ဖက်တွေအနက် တခုအဖြစ် နေရာယူစေမှာဖြစ်ပြီး လွတ်လပ်ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်ဒေသကို ခိုင်မာစေမယ်၊ ဒီပန်းတိုင်ဟာ ဒေသတွင်းမှာ အမေရိကန်ရဲ့ အကျိုးစီးပွားတွေနဲ့ တန်ဖိုးတွေကို မြှင့်တင်ဖို့ အစိုးရအဖွဲ့ရဲ့ ဦးစားပေးတွေကို အထောက်အကူပြုတယ်လို့ ဆိုပါတယ်။
သတင်းပြန်ကြားရေး တိုးချဲ့ခြင်း
အမေရိကန်ရဲ့ ပါဝင်ပတ်သက်မှုဟာ အမေရိကန်နဲ့ မြန်မာ နှစ်နိုင်ငံလုံးအတွက် ဘယ်လို အကျိုးရှိတယ်ဆိုတာကို ဖော်ပြတဲ့ လုပ်ငန်းအဆင့် သံတမန်ရေးရာ ထိတွေ့ဆက်ဆံမှုနဲ့ ပစ်မှတ်ထားတဲ့ အများပြည်သူ သတင်းပြန်ကြားရေးတို့ကို တိုးချဲ့ခြင်းဖြင့် မြန်မာနိုင်ငံမှာ အမေရိကန်ရဲ့ ဩဇာလွှမ်းမိုးမှုကို ခိုင်မာစေဖို့ ရည်မှန်းချက်ထားပါတယ်။
ဒီရည်မှန်းချက်အရ လုပ်ငန်းအဆင့် သံတမန်ရေးရာ ထိတွေ့ဆက်ဆံမှုကို တိုးချဲ့ခြင်းနဲ့ ပစ်မှတ်ထား အများပြည်သူ သတင်းပြန်ကြားရေး ကမ်ပိန်းတွေကို အကောင်အထည်ဖော်ခြင်းဖြင့် မြန်မာနိုင်ငံရဲ့ ဆုံးဖြတ်ချက်ချမှတ်သူတွေ အကြား အမေရိကန်ပြည်ထောင်စုရဲ့ ရပ်တည်မှုကို မြှင့်တင်ဖို့ ရည်ရွယ်ပါတယ်။ အဓိက သက်ဆိုင်သူတွေနဲ့ ဆက်ဆံရေး တည်ဆောက်ခြင်းနဲ့ အမေရိကန်ရဲ့ တန်ဖိုးတွေ၊ အောင်မြင်မှုတွေကို တိုးမြှင့်ဖော်ပြခြင်းဖြင့် သံတမန်အဖွဲ့ဟာ ပြိုင်ဘက်တွေရဲ့ ပြောဆိုချက်တွေကို တုံ့ပြန်သွားမှာဖြစ်ပြီး အမေရိကန်ရဲ့ ဦးဆောင်မှုကို ပိုမိုအားကောင်းစေမယ်လို့ ဆိုပါတယ်။
ဒီရည်မှန်းချက် အောင်မြင်ခြင်းဟာ တရုတ်နိုင်ငံရဲ့ ဩဇာလွှမ်းမိုးမှုကို တုံ့ပြန်ဖို့နဲ့ လွတ်လပ်ပြီး ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်ဒေသကို မြှင့်တင်ဖို့ အစိုးရအဖွဲ့ရဲ့ ဦးစားပေးတွေကို တိုးမြှင့်ပေးမှာ ဖြစ်တယ်။ အောင်မြင်မှုကို တခြားဒေသတွင်း အင်အားကြီးနိုင်ငံတွေနဲ့ နှိုင်းယှဉ်ပါက မြန်မာမီဒီယာတွေမှာ အမေရိကန်ရဲ့ လှုပ်ရှားမှုတွေကို အပြုသဘောဆောင် ဖော်ပြမှု တိုးတက်လာခြင်း၊ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေအတွက် ခိုင်မာတဲ့ ခြေလှမ်းတွေ စတင်လာခြင်းနဲ့ အစိုးရ၊ စီးပွားရေးနဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းဆိုင်ရာ သက်ဆိုင်သူတွေထံမှ အမေရိကန်ရဲ့ ပါဝင်ပတ်သက်မှုအတွက် တောင်းဆိုမှုတွေ ရှိလာခြင်းတို့နဲ့ တိုင်းတာမယ်လို့ မဟာဗျူဟာမှာ ဖော်ပြပါတယ်။
လူသားချင်းစာနာမှုအကူအညီ
အမေရိကန်ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေဟာ မိတ်ဖက်တွေရဲ့ ပံ့ပိုးကူညီမှုတွေကို ထိရောက်စွာ အသုံးပြုပြီး မြန်မာနိုင်ငံရဲ့ ထိခိုက်လွယ်ဆုံး ပြည်သူ အနည်းဆုံး ၅၀ ရာခိုင်နှုန်း (လူဦးရေ ၃ သန်း) ထံ ရောက်ရှိစေဖို့နဲ့ အမေရိကန်အား ထိပ်တန်း လူသားချင်းစာနာမှု အလှူရှင်အဖြစ် ထူထောင်နိုင်ရေး အမေရိကန် ကူညီပံ့ပိုးတဲ့ အစီအစဉ်တွေရဲ့ ပေါ်လွင်ထင်ရှားမှုကို တိုးမြှင့်ဖို့ ရည်မှန်းထားပါတယ်။
သံတမန်အဖွဲ့ဟာ လူသားချင်းစာနာမှု အကူအညီပေးရေး အစီအစဉ်တွေကို ဘေးကင်းစွာ အကောင်အထည်ဖော်နိုင်ရေးအတွက် အမေရိကန်ရဲ့ ဦးဆောင်မှုနဲ့ တိုက်တွန်းပြောဆိုမှုတွေကို တိုးမြှင့်စဉ် အမေရိကန်ရဲ့ လူသားချင်းစာနာမှု အကူအညီတွေဟာ မြန်မာနိုင်ငံရဲ့ ထိခိုက်လွယ်ဆုံး ပြည်သူတွေထံ ထိရောက်စွာ ရောက်ရှိစေဖို့ ဆောင်ရွက်သွားမယ်။ လူသားချင်းစာနာမှု လမ်းကြောင်းတွေ တိုးချဲ့ဖို့နဲ့ ဝန်ထုတ်ဝန်ပိုး မျှဝေမှုကို တွန်းအားပေးဖို့ အမေရိကန်ရဲ့ ဩဇာလွှမ်းမိုးမှုကို အသုံးပြုခြင်းဖြင့် သံတမန်အဖွဲ့ဟာ တခြားဒေသတွင်း အင်အားကြီးနိုင်ငံတွေနဲ့ နှိုင်းယှဉ်ပါက အမေရိကန်ရဲ့ ထိပ်တန်း လူသားချင်းစာနာမှု အလှူရှင်အဖြစ် ဂုဏ်သတင်းကို ပိုမိုခိုင်မာစေမှာဖြစ်ပြီး အကူအညီရယူတဲ့ လူထုအသိုက်အဝန်းတွေရဲ့ ကိုယ်ကိုယ်ကိုယ် ကိုးစားနိုင်မှုကို မြှင့်တင်ပေးမှာဖြစ်တယ်။ ဒါ့အပြင် သံတမန်အဖွဲ့ဟာ မြန်မာနိုင်ငံရဲ့ အသစ်ဖြစ်ပေါ်လာတဲ့ ကူးစက်ရောဂါ ရှာဖွေရေးနဲ့ လျင်မြန်စွာ တုံ့ပြန်ရေး စွမ်းရည်တွေကို ခိုင်မာစေမှာဖြစ်ပြီး ကူးစက်ရောဂါ ခြိမ်းခြောက်မှုတွေကို စတင်ရာ ပင်ရင်းနေရာမှာပဲ တားဆီးသွားဖို့ ရည်မှန်းထားပါတယ်။
အမေရိကန်ရဲ့ အကျိုးစီးပွားတွေကို မြှင့်တင်ဖို့၊ အမေရိကန်ပြည်သူတွေရဲ့ အသက်အန္တရာယ်ကို ကာကွယ်ဖို့၊ တည်ငြိမ်မှုကို ပျိုးထောင်ဖို့နဲ့ ပြိုင်ဘက် အလှူရှင်တွေရဲ့ ဩဇာလွှမ်းမိုးမှုကို တုံ့ပြန်ဖို့ အစိုးရအဖွဲ့ရဲ့ ဦးစားပေးတွေကို အထောက်အကူပြုတယ်လို့ မဟာဗျူဟာစာတမ်းမှာ ဖော်ပြထားပါတယ်။
Source: U.S. Department of State











