DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများ ဆွေးနွေး 
DVB
·
November 10, 2026
Photo: M-WPS  
Photo: M-WPS  
Donate to DVB

 

မြန်မာနိုင်ငံ အမျိုးသမီး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများနဲ့ ကမ္ဘာလုံးဆိုင်ရာ အခြေအနေများဆိုတဲ့ ခေါင်းစဉ်နဲ့ ဖိုရမ်တခုကို မြန်မာနိုင်ငံရဲ့ အမျိုးသမီး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအဖွဲ့ (M-WPS) က နို၀င်ဘာ ၅ နဲ့ ၆ ရက်က ကျင်းပခဲ့ပါတယ်။

အဆိုပါဖိုရမ်မှာ ပဋိပက္ခကာလအတွင်း တရားဥပဒေစိုးမိုးမှု အားနည်းနေတာကို အခွင့်ကောင်းယူပြီး တရားမဝင် စီးပွားရေးရှာဖွေတာတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ ရာဇဝတ်မှု ကျူးလွန်သူတွေကပဲ အုပ်ချုပ်ရေးယန္တရားသဖွယ် စိုးမိုးလာတာကို ထိရောက်စွာ တားဆီး ကာကွယ်ဖို့ အရေးကြီးကြောင်း ထောက်ပြသွားပါတယ်။

ကိုယ်ကျိုးစီးပွားအတွက် သဘာဝသယံဇာတတွေကို တာဝန်မဲ့ ထုတ်ယူသုံးစွဲနေတာဟာ ရာသီဥတု ပြောင်းလဲမှု ဆိုးကျိုးတွေကို ပိုမို ပြင်းထန်စေရုံတင်မကဘဲ ပြည်သူတွေရဲ့ လူသားလုံခြုံရေးကိုပါ တိုက်ရိုက် ခြိမ်းခြောက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အွန်လိုင်းငွေလိမ်စင်တာလုပ်ငန်းတွေမှာ စစ်အုပ်စုနဲ့ ဒေသဆိုင်ရာအာဏာပိုင်တွေ ကိုယ်တိုင် ပါဝင် ပတ်သက်နေကြတာကြောင့် ကျူးလွန်သူတွေကို အရေးယူဖို့ အလွန် စိန်ခေါ်မှု ကြီးမားနေတယ်လို့ ဆိုပါတယ်။

ဒီပြဿနာကို ဖြေရှင်းဖို့ဆိုပြီး နိုင်ငံတကာအသိုက်အဝန်းက စစ်အာဏာရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးပမ်းတာမျိုးကို လုံးဝ လက်သင့်မခံကြောင်း ငြင်းပယ်ခဲ့ပါတယ်။

မြန်မာပြည်မှာ အကြမ်းဖက်မှုနဲ့ ဖိနှိပ်ညှဉ်းပန်းမှု ကျူးလွန်နေတဲ့ စစ်အာဏာရှင်ဟာ ငြိမ်းချမ်းရေးကို မဖော်ဆောင်နိုင်သလို အမျိုးသမီး၊ LGBTQIA+ နဲ့ မသန်စွမ်းသူတွေကို လုံခြုံရေးအတွက် အာမခံနိုင်မည် မဟုတ်လို့ ဆိုပါတယ်။

နိုင်ငံတကာမှာ စစ်ဘောင်တွေ ပိုကျယ်ပြန့်လာပြီး သက်ဆိုင်ရာနိုင်ငံအစိုးရတွေက စစ်ရေးအတွက် ဘဏ္ဍာရေးကို ပိုသုံးစွဲတော့ လူအခွင့်အရေးနဲ့ အမျိုးသမီး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကိစ္စရပ်တွေအပေါ်  စိတ်၀င်စားမှု လျော့နည်းလာတာကို စိတ်မကောင်းဖွယ် တွေ့ရတယ်လို့ ထောက်ပြထားပါတယ်။

အာဆီယံအနေနဲ့ စစ်အာဏာရှင်နဲ့ ထိတွေ့ဆက်ဆံနေတာဟာ စစ်အုပ်ချုပ်ရေးကို တရားဝင်မှု ရရှိသွားစေဖို့ ကူညီပေးရာရောက်ပြီး တော်လှန်ရေးအင်အားစုတွေအားလုံးနဲ့ ချိတ်ဆက်ဆောင်ရွက်ပြီး မြန်မာပြည်သူတွေရဲ့ အသံကို တကယ်နားထောင်ပေးဖို့ ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။

ဒီဖိုရမ်မှာတော့ M-WPS က အချက် ၇ ချက် ပါတဲ့ သဘောထားကို ကြေညာထားတယ်လို့ ထုတ်ပြန်ချက်မှာ အသိပေးပါတယ်။

နိုင်ငံတကာ၊ အာဆီယံနိုင်ငံတွေအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ၊ ရာသီဥတု ပြောင်းလဲမှုကိစ္စတွေ ဒါမှမဟုတ် အွန်လိုင်းငွေလိမ်စင်တာနဲ့ နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှု တိုက်ဖျက်ရေးဆိုတဲ့ ခေါင်းစဉ်တွေကို အကြောင်းပြပြီး စစ်အာဏာရှင်နဲ့ စစ်အုပ်ချုပ်ရေးကို ဘယ်နည်းနဲ့မှ တရားဝင်မှု မရရှိစေဖို့ အထူး သတိထားကြဖို့ တိုက်တွန်းပါတယ်။

အွန်လိုင်းငွေလိမ်မှု၊ လူကုန်ကူးမှုနဲ့ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ အပါအ၀င် နည်းအမျိုးမျိုးနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ဖြစ်တာကြောင့် စစ်အာဏာရှင်နဲ့ ပတ်သက်သူအားလုံးကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) မှာ တာဝန်ခံမှုရှိစေဖို့ တိုင်ကြားသွားကြဖို့ တောင်းဆိုပါတယ်။

ဖက်ဒရယ်ယူနစ်တွေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေအနေနဲ့ စစ်အာဏာရှင်တပ်က နှစ်ပေါင်းများစွာ ကျူးလွန်ခဲ့သလိုမျိုး ပဋိပက္ခ စီးပွားရေးအရ အမြတ်ထုတ်တာနဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်တဲ့ အုပ်ချုပ်ရေးယန္တရားမျိုး နောက်ထပ် မပေါ်ပေါက်လာစေဖို့ အထူးသတိပြုဆောင်ရွက်ဖို့ မီးမောင်းထိုးပြပါတယ်။

ဒါ့အပြင် ဖက်ဒရယ်ယူနစ်တွေရဲ့ မူဝါဒနဲ့ လုပ်ငန်းစဉ်တွေ ရေးဆွဲတဲ့အခါ လူသားလုံခြုံရေး၊ အမျိုးသမီး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာရှုထောင့်တွေကို မဖြစ်မနေ ထည့်သွင်းပေါင်းစပ် သွားကြဖို့နဲ့ အွန်လိုင်းငွေလိမ်စင်တာတွေနဲ့ ပဋိပက္ခဖြစ်စေတဲ့ အကြောင်းရင်းတွေကို ဖော်ထုတ်ပြီး အားလုံးပါ၀င် ချိတ်ဆက် မဟာဗျူဟာနဲ့ ကိုင်တွယ် ဖြေရှင်းဖို့ တောင်းဆိုပါတယ်။

စစ်မှန်တဲ့ပြည်သူ့အသံကို ထင်ဟပ်စေမဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တခု ပေါ်ပေါက်လာဖို့အတွက် ဖက်ဒရယ်ယူနစ်တွေနဲ့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ အမျိုးသမီး၊ လူငယ်၊ လူနည်းစု၊ LGBTQIA+ နဲ့ မသန်စွမ်းသူတွေရဲ့ ပါဝင်မှုကို သေချာပေါက် ဖန်တီးပေးဖို့ တိုက်တွန်းပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးနဲ့ အမျိုးသမီးအရေး၊ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ လူ့အခွင့်အရေးအတွက် လှုပ်ရှားရင်း စစ်အာဏာရှင်ရဲ့ ဖမ်းဆီးခံရမဲ့ ဘေးက လွတ်မြောက်ဖို့ ပြည်ပနိုင်ငံတွေကို တိမ်းရှောင်နေကြရတဲ့ တက်ကြွလှုပ်ရှားသူတွေကို သက်ဆိုင်ရာနိုင်ငံတွေက တရားဝင် အကာအကွယ်ပေးမယ့်အခြေအနေတွေ ဖန်တီးပေးဖို့ တောင်းဆိုပါတယ်။

နိုင်ငံတကာ အလှူရှင်အဖွဲ့အစည်းတွေအနေနဲ့ အမျိုးသမီး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို လျစ်လျူမရှုဘဲ ဘတ်ဂျက် ပံ့ပိုးမှုတွေကို ပိုမိုတိုးမြှင့်ပေးသွားကြဖို့လည်း တိုက်တွန်းပါတယ်။

၂ ရက်ကြာ ကျင်းပတဲ့ ဒီဖိုရမ်ဆွေးနွေးပွဲမှာ M-WPS ရဲ့ မဟာမိတ်အဖွဲ့တွေ၊ ကွန်ရက် အဖွဲ့အစည်းတွေ၊ အမျိုးသမီးအဖွဲ့တွေနဲ့ မိတ်ဖက်အဖွဲ့အစည်း စုစုပေါင်း ၂၃ ဖွဲ့က ကိုယ်စားလှယ် ၇၀ နီးပါး တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအဖွဲ့ (M-WPS) ဟာ မြန်မာနိုင်ငံအတွင်း အမျိုးသမီး အခွင့်အရေး၊ ကျားမ တန်းတူညီမျှရေး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးလုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေနဲ့ ကွန်ရက်တွေ ပူးပေါင်းထားတဲ့ မဟာမိတ်ကွန်ရက်တခု ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013