
ကမ္ဘာ့နိုင်ငံတွေအပေါ် နိုင်ငံတကာက လူတွေရဲ့ အမြင်သဘောထားကို စစ်တမ်း ကောက်ယူရာမှာ မြန်မာနိုင်ငံဟာ အဆိုးမြင်မှု အများဆုံးခံရတဲ့ နိုင်ငံတွေစာရင်းထဲ ပါ၀င်နေတယ်လို့ ၂၀၂၆ Global Country Perceptions အညွှန်းကိန်းအရ သိရပါတယ်။
၂၀၂၆ ခုနှစ်စစ်တမ်းအရ ကမ္ဘာ့နိုင်ငံပေါင်း ၁၃၂ နိုင်ငံနဲ့ ပတ်သက်ပြီး နိုင်ငံတကာလူတွေက သူတို့ရဲ့ အမြင်တွေကို ဖြေဆိုကြရာ မြန်မာနိုင်ငံက အဆင့် ၁၂၀ မှာ ရှိနေတာ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းထားပြီး ပြည်တွင်းစစ် ဖြစ်နေတဲ့ မြန်မာနိုင်ငံရဲ့အခြေအနေတွေကြောင့် ကမ္ဘာလုံးဆိုင်ရာ အဆင့်သတ်မှတ်ချက်မှာ အနိမ့်ဆုံးနိုင်ငံ ၁၃ နိုင်ငံ စာရင်းထဲမှာ ပါနေတာ ဖြစ်ပါတယ်။
နိုင်ငံတခုချင်းစီရဲ့ အမှတ်တွေကို ရေတွက်ရာမှာတော့ မြန်မာနိုင်ငံက အနုတ် ၅ အထိ ရရှိတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အာဆီယံဒေသမှာတော့ စင်ကာပူ၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတို့ဟာ အကောင်းဆုံးအဆင့်မှာ ရှိနေပြီး ကမ္ဘောဒီးယားနိုင်ငံဟာ မြန်မာထက် ပိုပြီး အကောင်းမြင်ခံရတာလို့ ထုတ်ပြန်ချက်မှာ ထောက်ပြထားပါတယ်။
နိုင်ငံတကာလူတွေရဲ့ အဆိုးမြင်ခံရရင် အကျိုးသက်ရောက်မှု ကြီးမားပြီး မြန်မာနိုင်ငံသားတွေ ပြည်ပထွက်တဲ့အခါ ရှုမြင်ခံရမှုအပေါ် ထင်ဟပ်ပါတယ်။
အထူးသဖြင့် အထင်သေးခံရနိုင်တာ၊ ခွဲခြားဆက်ဆံခံရတာ၊ ငွေပေးတာချင်း တူရင်တောင် မြန်မာပတ်စပို့စ်ဆိုရင် ပိုပြီး စစ်ဆေးမေးမြန်းတာ ကြုံရနိုင်ပါတယ်။ နိုင်ငံတကာလူတွေရဲ့ အမြင်ကြောင့် ခရီးသွားကဏ္ဍတွေမှာ ဆိုးကျိုးအများကြီး ရှိလာပါတယ်။
မြန်မာနိုင်ငံကိုဆို မသွားနဲ့၊ မြန်မာနိုင်ငံသားတွေက ဆိုးသွမ်းတယ်၊ မလုံခြုံဘူး၊ အဆင်မပြေဘူးဆိုတဲ့ အမြင်တွေကြောင့် ခရီးသွားလာဖို့ အားပေးမှာ မဟုတ်သလို သံရုံးတွေရဲ့ သတိပေးချက်တွေကလည်း အဓိကကျနေပါတယ်။
ခရီးသွားဧည့်သည်မျှော်နေတဲ့ မြန်မာနိုင်ငံကို ဒီလို ရှုမြင်ခံရတော့ အထိနာစေပါတယ်။ နောက်ပြီး ပြည်တွင်းစစ် ဖြစ်နေတော့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေနဲ့ အဖွဲ့အစည်းတွေ လာကြဖို့ ခက်ခဲတာ ဖြစ်ပါတယ်။
Global Country Perceptions ဟာ ကမ္ဘာတဝန်းရှိ ပြည်သူတွေ၊ ခရီးသွားတွေ၊ ရင်းနှီးမြှုပ်နှံသူတွေနဲ့ မူဝါဒချမှတ်သူတွေက နိုင်ငံတနိုင်ငံအပေါ် ဘယ်လိုမြင်လဲ၊ ဘယ်လိုသဘောထားလဲဆိုတာကို နိုင်ငံတကာရဲ့ ပုံရိပ်နဲ့ အမြင်သဘောထားတွေ ဖြစ်ပါတယ်။
Source: Nira Data











