
တရုတ်-မြန်မာ အနာဂတ်အကျိုးတူအသိုက်အဝန်း တည်ဆောက်ရေး ပူးပေါင်းဆောင်ရွက်ကြဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တိုက်တွန်းပြောကြားလိုက်ပြီး မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအရ ပြန်လည်ရင်ကြားစေ့ရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြည်သူတွေရဲ့ လူနေမှုဘဝ မြှင့်တင်ရေးတို့အတွက် တရုတ်နိုင်ငံက ထောက်ခံအားပေးကြောင်း ပြောကြားလိုက်ပါတယ်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်တဲ့ ဝမ်ယိက စစ်အာဏာရှင်ခန့် အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီး ဦးအောင်ကျော်ဟိုးနဲ့ နိုဝင်ဘာ ၃ ရက်က ပေကျင်းမြို့မှာတွေ့ဆုံစဉ် ပြောဆိုခဲ့တာလို့ တရုတ်နိုင်ငံပိုင် CGTN သတင်းမှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံအနေနဲ့ နိုင်ငံရေးအရ ပြန်လည်ရင်ကြားစေ့ရေးရရှိဖို့ တရုတ်နိုင်ငံက ထောက်ခံကြောင်းနဲ့ အစိုးရသစ်ရဲ့ အခြေအနေတွေ တည်ငြိမ်ရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူတွေရဲ့ လူနေမှုဘဝ မြှင့်တင်ရေးနဲ့ ပြန်လည်ဆန်းသစ်တိုးတက်ရေးတို့ကို ကူညီထောက်ပံ့ပေးကြောင်း ဝမ်ယိက အလေးအနက်ပြောပါတယ်။
တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအတွက် အစဉ်အမြဲ အားကိုးအားထားပြုနိုင်တဲ့ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံအဖြစ် ရှိနေမယ်လို့လည်း အာမခံပြောဆိုခဲ့ပါတယ်။
နှစ်ဖက်စလုံးအနေနဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လုံခြုံရေးတို့ကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ဖို့၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံအောက်ရှိ အဓိကစီမံကိန်းတွေကို ပုံမှန်ရှေ့ဆက်ဆောင်ရွက်ဖို့နဲ့ စွမ်းအင်၊ သယံဇာတ ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
ဒါ့အပြင် အွန်လိုင်းလောင်းကစားနဲ့ တယ်လီကွန်းလိမ်လည်မှု (Online Scam) တွေကို နှိမ်နင်းဖို့ ကြိုးပမ်းမှုတွေကို တိုးမြှင့်သွားဖို့နဲ့ မြဝတီဒေသမှာ မတည်ငြိမ်မှုတွေ ပြန်လည်မဖြစ်ပေါ်စေရေး တားဆီးဖို့လည်း ဝန်ယိက တိုက်တွန်းခဲ့ပါတယ်။
မြန်မာနိုင်ငံအတွင်းရှိ တရုတ်ဝန်ထမ်းတွေ၊ အဖွဲ့အစည်းတွေနဲ့ စီမံကိန်းတွေရဲ့ လုံခြုံရေးကို အာမခံနိုင်ဖို့ မြန်မာဘက်မှ ထိရောက်တဲ့ အစီအမံတွေ ဆောင်ရွက်ပေးလိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ဝမ်ယိက ပြောပါတယ်။
စစ်အာဏာရှင်ခန့် ဝန်ကြီး ဦးအောင်ကျော်ဟိုးကလည်း မြန်မာနိုင်ငံအနေနဲ့ ၂ နိုင်ငံစလုံးအတွက် အပြန်အလှန်အကျိုးရှိစေမဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ဆက်လက်မြှင့်တင်သွားဖို့ ဆန္ဒရှိကြောင်း ပြောဆိုခဲ့ပါတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကလည်း ထုတ်ပြန်ထားပါတယ်။
ဦးအောင်ကျော်ဟိုးက “မြန်မာနိုင်ငံသည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး အခြေခံမူကြီး (၅) ရပ်ကို ကိုင်စွဲလျက်ရှိပါကြောင်း၊ မြန်မာ-တရုတ် သမားရိုးကျချစ်ကြည်ရေးကို မြှင့်တင်သွားမည် ဖြစ်ကြောင်း၊ တရုတ်တနိုင်ငံတည်းမူဝါဒကို အစဉ်တစိုက် စွဲကိုင်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်မှ မကြာသေးမီက တရုတ်နိုင်ငံသို့ အောင်မြင်စွာ သွားရောက်ခဲ့သည့် ခရီးစဉ်သည် နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကို အားကောင်း စေခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ ငလျင်ဘေးအလွန် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များအတွက် တရုတ်နိုင်ငံ၏ အကူအညီပေးမှုများအပေါ် ကျေးဇူးတင်ရှိပါကြောင်း၊ တရုတ်နိုင်ငံနှင့် အတူလက်တွဲ၍ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံစီမံကိန်းကို အကောင်အထည်ဖော်ရာတွင် အရှိန်အဟုန်မြှင့်တင်ရန်နှင့် နှစ်နိုင်ငံ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု အဆင့်အတန်းကို စဉ်ဆက်မပြတ် မြှင့်တင်သွားလိုကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ဒေသတွင်း နိုင်ငံများအပါအဝင် အွန်လိုင်းလိမ်လည်မှုများကို အရှိန်အဟုန်မြှင့်တိုက်ဖျက်သွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ တရုတ်လုပ်ငန်းရှင်တွေ လာရောက်ရင်းနှီးမြှုပ်နှံပြီး စီးပွားရေးလုပ်ကိုင်ကြဖို့ ဖိတ်ခေါ်လိုက်ပြီး နိုင်ငံတကာစင်မြင့်မှာ မြန်မာနိုင်ငံအတွက် တရားမျှတစွာ ရပ်တည်ပေးခဲ့တဲ့အတွက် တရုတ်နိုင်ငံကို ကျေးဇူးအထူး တင်ရှိကြောင်းလည်း ဦးအောင်ကျော်ဟိုး က ပြောပါတယ်။
ဝန်ကြီး ဦးအောင်ကျော်ဟိုးဟာ ပေကျင်းမြို့မှာ ကျင်းပတဲ့ ၁၁ ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို တက်ရောက်ဖို့ တရုတ်နိုင်ငံမှာ ရောက်ရှိနေတာ ဖြစ်ပါတယ်။
စစ်အာဏာသိမ်း ၅ နှစ်ကျော်အကြာမှာ စစ်အာဏာရှင်အုပ်စုကို အမေရိကန်က ထိတွေ့ဆက်ဆံမှုတွေ ပိုမိုလုပ်ဆောင်လာချိန်မှာ တရုတ်ဘက်ကလည်း အခုလို အားပေးထောက်ခံမှုတွေ လုပ်ဆောင်လာနေတာ ဖြစ်ပါတယ်။











