DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံခြားရေး၀န်ကြီး မြန်မာပြည် လာမည်
DVB
·
November 4, 2026
Photo: MOFA-Thailand 
Photo: MOFA-Thailand 
Donate to DVB

ထိုင်းအစိုးရ ဒု၀န်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဆီဟဆတ် ဖွန်ကတ်ကယောက်ဟာ အာဆီယံ ထိပ်သီးအစည်းအဝေး မတိုင်ခင် နို၀င်ဘာ ၁၂ ရက်နေ့ မြန်မာနိုင်ငံကို သွားရောက်မယ်လို့ နို၀င်ဘာ ၃ ရက်မှာ ပြောလိုက်ပါတယ်။

ပြည်တွင်းစစ်ဖြစ်နေတဲ့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်စေဖို့ ထိုင်းအစိုးရက တွန်းအားပေး ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။

နို၀င်ဘာ ၃ ရက်က ထုတ်ပြန်ခဲ့တဲ့ သူ့ရဲ့ခရီးစဉ်အရ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ နို၀င်ဘာ ၁၆ ရက်ကနေ ၁၈ ရက်အထိ ၃ ရက်ကြာ ကျင်းပမဲ့ အာဆီယံ ထိပ်သီးအစည်းအ‌ဝေးမတိုင်ခင် မြန်မာနိုင်ငံကို သွားရောက်ဖို့ စီစဉ်ထားတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဝန်ကြီး ဆီဟဆက်က တရုတ်နိုင်ငံမှာ သတင်းထောက်တွေနဲ့ တွေ့ဆုံပြောကြားရာမှာ အာဆီယံ ထိပ်သီးအစည်းအဝေးမတိုင်မီ ထိုင်းအစိုးရအနေနဲ့ “မြန်မာနိုင်ငံရဲ့ နောက်ဆုံးသဘောထားကို ကြားသိလိုတယ်” လို့ ပြောပါတယ်။

“အဖွဲ့အစည်းအားလုံးဘက်က တင်းမာမှုတွေကို လျှော့ချတာဟာ လိုအပ်တဲ့ တွေ့ဆုံဆွေးနွေးမှုနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အထောက်အကူပြုမဲ့ အခွင့်အလမ်းကောင်းတခု ဖြစ်ပေါ်စေမှာပါ” လို့ ဆီဟဆက်က ပြောပါတယ်။

“ဒီအချက်တွေပေါ်မှာ တိုးတက်မှုတွေ ရှိလာမယ်ဆိုရင် အာဆီယံ အစည်းအဝေးတွေမှာ မြန်မာနိုင်ငံ ပါဝင်ခွင့် အပါအဝင် မြန်မာ့ရေးရာနဲ့ ပတ်သက်လို့ ရှေ့ဆက် ဘယ်လိုဆောင်ရွက်မလဲဆိုတာကို ခေါင်းဆောင်တွေ ထိပ်သီးအစည်းအဝေးမှာ အာဆီယံက စဉ်းစားဆုံးဖြတ်ဖို့အတွက် အပြုသဘောဆောင်တဲ့ အချက်တချက် ဖြစ်လာပါလိမ့်မယ်” လို့ သူက ဆက်ပြောခဲ့တာပါ။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနဲ့ ပြည်တွင်းစစ်ကို စတင်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အာဏာရှင်တွေကို အာဆီယံရဲ့ အဆင့်မြင့်အစည်းအဝေးတွေ တက်ရောက်ခွင့် ပေးမထားပါဘူး။

ဧပြီလက မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ ထိုင်းနိုင်ငံခြားရေး၀န်ကြီး ဆီဟဆက်ဟာ လာမဲ့ နိုဝင်ဘာ ၁၂ ရက် ခရီးစဉ်မှာလည်း နေပြည်တော်မှာ စစ်အာဏာရှင်ခန့် နိုင်ငံခြားရေး၀န်ကြီး ဦးတင်မောင်ဆွေနဲ့ တွေ့ဆုံမဲ့အပြင် စစ်အာဏာရှင် မင်းအောင်လှိုင်နဲ့လည်း တွေ့ဆုံဖို့ စီစဉ်ဆောင်ရွက်ထားတယ်လို့ သတင်းထောက်တွေကို ပြောကြားပါတယ်။

ထိုင်းနိုင်ငံခြားရေး၀န်ကြီးဟာ ဇူလိုင်လအတွင်းက ဘန်ကောက်မြို့မှာ စစ်အာဏာရှင်ခန့် နိုင်ငံခြားရေး၀န်ကြီး ဦးတင်မောင်ဆွေ အပါအ၀င် အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေအကြား တွေ့ဆုံပွဲကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခဲ့ပါတယ်။ ဒါက ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ် စုစည်းမှု ဖြစ်တယ်လို့ ဆိုပါတယ်။

၈ လပိုင်းအတွင်းမှာ ထိုင်းဝန်ကြီးချုပ် အနုထင်း ချန်းဝီရကွန်းဟာ စစ်အာဏာရှင် မင်းအောင်လှိုင်ကို ဘန်ကောက်မြို့မှာ လက်ခံတွေ့ဆုံခဲ့ပြီး သီတင်းပတ် ၂ ပတ်အကြာမှာတော့ မြန်မာ-ထိုင်း စစ်ဘက်ဆိုင်ရာအကြီးအကဲတွေ အုပ်စုလိုက် ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါတယ်။

ထိုင်းနိုင်ငံခြားရေး၀န်ကြီး ဆီဟဆတ်ရဲ့ လာမဲ့ နေပြည်တော်ခရီးစဉ်မှာ စစ်အာဏာရှင်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် သောင်ရင်းမြစ် တဘက် ထိုင်းနိုင်ငံဘက်ခြမ်းရှိ အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့ပြီး ထိုင်းနိုင်ငံသားတယောက် ဒဏ်ရာရရှိခဲ့တာနဲ့ ပတ်သက်လို့လည်း ဆွေးနွေးဖွယ်ရှိနေပါတယ်။

ထိုင်းနိုင်ငံဟာ ပြီးခဲ့တဲ့အပတ်က ထိုင်း-မြန်မာနယ်စပ် ပစ်ခတ်မှုတွေ ဖြစ်ပြီးနောက် သူတို့ရဲ့ နယ်စပ်လုံခြုံရေးကို တိုးမြှင့်ထားပါတယ်။

နို၀င်ဘာ ၃ ရက်က ထိုင်း-မြန်မာနယ်စပ်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ထိုင်းဘက်ခြမ်းအထိ သက်ရောက်မှုတွေ ရှိလာတဲ့အပေါ် စိုးရိမ်ပူပန်ကြောင်း၊ ထိုင်းနိုင်ငံအပေါ် ထိခိုက်မှု ဖြစ်စေနိုင်တဲ့ စစ်ဆင်ရေးတွေကို နယ်စပ်အနီးမှာ မပြုလုပ်ကြဖို့ နိုင်ငံခြားရေး၀န်ကြီး ဦးတင်မောင်ဆွေထံ ဖုန်းဆက် အသိပေးခဲ့တယ်လို့ ထိုင်းနိုင်ငံဘက်က သတင်းထုတ်ပြန်ပါတယ်။

စစ်အာဏာရှင်တပ်ဘက်ကလည်း ထိုင်းနိုင်ငံသားတယောက် ဒဏ်ရာရရှိခဲ့မှုဟာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် ဖြစ်တာလို့ စစ်အာဏာရှင် လက်အောက်ခံ ပြန်ကြားရေးဘက်ကနေ သတင်းထုတ်ပြန် စွပ်စွဲ ပြောဆိုခဲ့ပါတယ်။

Source: AFP/ BSS

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013