
ဘော့စနီးယားနိုင်ငံအလယ်ပိုင်း၊ ဗားရက်စ်မြို့မှာ ၂၀၂၄ ကမှ ဖွင့်ခဲ့တဲ့ ငွေ၊ ခဲနဲ့ ဘဲရိုက်ထ် သတ္တုမိုင်းတွင်းအသစ်ဟာ မြို့ရဲ့စီးပွားရေးအတွက် မျှော်လင့်ချက်ဖြစ်ခဲ့ပေမဲ့ အခုတော့ ဒေသခံ ၃၀၀ ကျော်ရဲ့ သွေးထဲမှာ အန္တရာယ်ရှိတဲ့ ခဲဓာတ်တွေ တွေ့ရှိနေရတာကြောင့် တမြို့လုံး ထိတ်လန့် တုန်လှုပ်နေပါတယ်။
အခြေအနေက တော်တော်လေး စိုးရိမ်ရတဲ့အတွက် ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ ဘော့စနီးယား သဘာဝပတ်ဝန်းကျင်အဖွဲ့အစည်း ၄ ခုဟာ မိုင်းတွင်းပိုင်ရှင် ကနေဒါအခြေစိုက် DPM ကုမ္ပဏီကို ရော ခရိုင်နဲ့ ဒေသဆိုင်ရာ အစိုးရဝန်ကြီးတွေကိုလည်း တရားစွဲဆိုခဲ့ပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့တွေက ဒေသခံတွေကို ကာကွယ်ဖို့ လုံလောက်အောင် မလုပ်ခဲ့ဘူးလို့ စွပ်စွဲထားပါတယ်။
အမှုတွေကို အခု ပြန်လည်သုံးသပ်မှာဖြစ်ပြီး လက်ခံလိုက်ရင် တရားရုံးတင်ဖို့ များပါတယ်။ ကျန်းမာရေးဌာနတွေရဲ့ စစ်ဆေးချက်အရ မိုင်းတွင်းအနီး နေထိုင်သူတွေအပါအဝင် စုစုပေါင်း လူ ၃၀၀ ကျော်ရဲ့ သွေးထဲမှာ ခဲဓာတ် တွေ့ရပါတယ်။
စစ်ဆေးခဲ့သူ ၂၃၈ ယောက်ထဲမှာ ၁၃ ရာခိုင်နှုန်းဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတ်မှတ်ထားတဲ့ ဘေးကင်းလုံခြုံမှုအဆင့် (၅ မိုက်ခရိုဂရမ်) ထက် ကျော်လွန်နေပါတယ်။
ခဲဓာတ်ပမာဏ မြင့်မားခြင်းဟာ အာရုံကြောစနစ်နဲ့ ဦးနှောက်ကို ထိခိုက်စေနိုင်ပြီး ကလေးတွေမှာ သင်ယူမှုအခက်အခဲ ဖြစ်စေနိုင်ပါတယ်။
မိုင်းတွင်းအနီးက စိုက်ပျိုးမြေတွေမှာပါ ခဲဓာတ်တွေ့ရှိနေရတာကြောင့် ဒေသခံတောင်သူတွေဟာ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်ရပါတယ်။
မိသားစုလိုက် သွေးထဲမှာ ခဲဓာတ်တွေ့နေရတဲ့အတွက် နေထိုင်သူတွေက မြို့ကနေ ထွက်သွားရမလို ဆက်နေရမလိုနဲ့ ဘာလုပ်ရမှန်းမသိ ဖြစ်နေကြပါတယ်။
မိုင်းတွင်းကုမ္ပဏီကတော့ ရိုက်တာကို ထုတ်ပြန်ချက်တစောင် ပေးပို့ရာမှာ ကျန်းမာရေးနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စတွေကို အလေးအနက်ထားကြောင်း၊ ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်နဲ့ အတည်ပြုဒေတာအပေါ် အခြေခံပြီး အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောပါတယ်။ အခုတော့ မြေဆီလွှာနဲ့ ရေထုကို စမ်းသပ်တာတွေ လုပ်နေပါတယ်။
လောလောဆယ်မှာတော့ ဒီခဲဓာတ်တွေက မိုင်းသစ်ကြောင့်လား၊ မိုင်းဟောင်းတွေကြောင့်လား ဆိုတာအတည်ပြုနိုင်ဖို့ ပညာရှင်တွေ ဆက်ပြီး စစ်ဆေးနေကြတုန်းပဲ ဖြစ်ပါတယ်။
Source: Reuters










