
ဘော့စနီးယားနဲ့ ဟာဇီဂိုဗီးနားနိုင်ငံမှာရှိတဲ့ ဥရောပသမဂ္ဂ (EU) ငြိမ်းချမ်းရေးထိန်းသိမ်းမှုမစ်ရှင်မှာ ပါဝင်တဲ့ အီတလီစစ်တပ် ရဟတ်ယာဉ်တစင်းဟာ အောက်တိုဘာ ၂၉ ရက်က ဘရက်ချ်ကိုခရိုင်၊ ဂိုရီဆဲကျေးရွာမှာ ပျက်ကျခဲ့လို့ လူ ၄ ယောက် သေဆုံးခဲ့တယ်လို့ ANSA သတင်းဌာနက ဖော်ပြ ပါတယ်။
စုစုပေါင်း လူ ၁၅ ယောက် လိုက်ပါလာခဲ့တဲ့ ရဟတ်ယာဉ် ပျက်ကျခဲ့မှုကြောင့် သေဆုံးသူတွေထဲက ၂ ယောက်ဟာ အီတလီစစ်သားတွေဖြစ်ပြီး ကျန် ၂ ယောက်ကတော့ အီတလီကြက်ခြေနီ စေတနာ့ ဝန်ထမ်းတပ်ဖွဲ့က ဖြစ်တယ်လို့ အီတလီ ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုပါတယ်။
အခင်းဖြစ်နေရာမှာတင် ၃ ယောက် သေဆုံးခဲ့တာဖြစ်ပြီး ဒဏ်ရာရသူ ၁၂ ယောက်ကို ဆေးရုံ ပို့ဆောင်ထားတယ်လို့ ဘရက်ချ်ကို ပြည်သူ့ကျန်းမာရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဆာလစ် အီဗရာဟင်ဘီဂိုဗစ်ချ်က ပြောပါတယ်။
အီတလီဝန်ကြီးချုပ် ဂျော်ဂျာ မယ်လိုနီ ကလည်း ဒီဖြစ်ရပ်အပေါ် စာနာကရုဏာဖြစ်ရပြီး သေဆုံးသွားသူတွေ၊ သူတို့ရဲ့ မိသားစုတွေနဲ့ ဒီဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး မြှင့်တင်ရေးမစ်ရှင်မှာ ပါဝင်နေသူတွေ အားလုံးနဲ့ ထပ်တူခံစားရကြောင်း X မှာ ရေးသားပြီး ဝမ်းနည်းကြောင်း ဖော်ပြပါတယ်။
အဲဒီရဟတ်ယာဉ်ဟာ ဒေတန် ငြိမ်းချမ်းရေးသဘောတူညီချက် အကောင်အထည်ဖော်ရေးကို စောင့်ကြည့်ကွပ်ကဲတဲ့ ယူဖော (EUFOR) ရဲ့ အော်ပရေးရှင်း “အယ်လ်သီယာ” အစီအစဉ်မှာ တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ပျက်ကျရတဲ့ အကြောင်းရင်းနဲ့ မတော်တဆဖြစ်ပွားရတဲ့ အခြေအနေမှန်ကို သိရှိနိုင်ဖို့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။
Source: Reuters











