
၂၀၂၆ ဖီဖာကမ္ဘာ့ဖလား ၃၂ သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ ပူးတွဲအိမ်ရှင် အမေရိကန်အသင်းက ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနား အသင်းကို (၂-၀) ဂိုးနဲ့ အနိုင်ရပြီး နောက်တဆင့်ကို တက်ရောက်သွားပါတယ်။
ကာလီဖိုးနီးယား၊ ဆန်ဖရန်စစ္စကိုဘေးဧရိယာ အားကစားကွင်းမှာ ဒေသအချိန် ဇူလိုင် ၁ ရက်က ယှဉ်ပြိုင်ကစားခဲ့ကြတာမှာ ပထမပိုင်း ၄၅ မိနစ်မှာ ဖလောရင် ဘာလိုဂန်က အမေရိကန်အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။
ဒုတိယပိုင်း ၆၄ မိနစ်မှာတော့ အမေရိကန်တိုက်စစ်မှူး ဘာလိုဂန်ဟာ မူဟာရီမိုဗစ် အပေါ် မတော်တဆ ပြင်းထန်တဲ့ ဖျက်ထုတ်မှုကြောင့် အနီကတ်နဲ့ ထုတ်ခံခဲ့ရပါတယ်။
အမေရိကန်အသင်း ၁၀ ယောက်တည်းနဲ့ ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရပေမဲ့ ဘော့စနီးယားဘက်ကို ဆက်တိုက် ဖိအားပေး တိုက်စစ်ဆင် ကစားသွားခဲ့ပြီး ပွဲချိန် ၈၂ မိနစ်မှာ မာလစ် တီလ်မန်းက အိမ်ရှင် အမေရိကန်အသင်းအတွက် ဒုတိယမြောက် အနိုင်ဂိုး သွင်းယူပေးသွားခဲ့ပါတယ်။
မာလစ် တီလ်မန်းဟာ ပြစ်ဒဏ်ဘောကို ဂိုးဧရိယာအပြင်ဘက်ကနေ ဘော့စနီးယား လူတံတိုင်းပေါ်ကျော်ပြီး ဂိုးတိုင်အတွင်းကို ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲအနိုင်ရတဲ့ အမေရိကန်အသင်းဟာ ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ ဆီနီဂေါကိုနိုင်ပြီး တက်လာတဲ့ ဘယ်လ်ဂျီယံအသင်းနဲ့ ဆီရယ်တဲလ်မြို့မှာ ရင်ဆိုင်ကစားရမှာ ဖြစ်ပါတယ်။











