
အမေရိကန်နိုင်ငံ ဝါရှင်တန်ပြည်နယ်၊ ဆီရယ်တဲလ်မြို့မှာ ဒီမနက် ယှဉ်ပြိုင်သွားတဲ့ ၂၀၂၆ ကမ္ဘာ့ဖလားအုပ်စု (B) ရဲ့ နောက်ဆုံးပွဲစဉ်မှာ ဘော့စနီးယားအသင်းက ကာတာအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး သမိုင်းတလျှောက် ပထမဆုံးအကြိမ် ၃၂ သင်းအဆင့်ကို တက်ရောက်နိုင်ဖို့ မျှော်လင့်ချက် ရှိနေတယ်လို့ Sky Sports က ဖော်ပြပါတယ်။
ဘော့စနီးယားအတွက် ဂိုးတွေကို ကီရင်မ် အလာဘီဂိုဗစ်၊ အာမင် မာမစ်တို့က သွင်းယူပေးခဲ့ပြီး နောက်တဂိုးကတော့ အီဒင်ဂျက်ကိုရဲ့ ကန်ချက်ကနေတဆင့် ကာတာဂိုးသမား ကိုယ့်ဂိုး ကိုယ် သွင်းမိခဲ့တာပါ။
ကာတာအသင်းအတွက် ချေပဂိုးတဂိုးကိုတော့ ဟာဆန် အယ်လ်ဟိုင်ဒို့စ်က သွင်းယူပေးခဲ့ပါတယ်။
ဘော့စနီးယားအသင်းဟာ ဒုတိယနေရာက ကနေဒါအသင်းနဲ့ ရမှတ်တူပေမဲ့ ထိပ်တိုက်တွေ့ဆုံမှု ရလဒ်အရ အုပ်စုတတိယနဲ့သာ ကျေနပ်ခဲ့ရတာပါ။
နောက်တဆင့်ကို တက်ရောက်ခွင့်ရခဲ့မယ်ဆိုရင် ဂျာမနီ ဒါမှမဟုတ် အမေရိကန်အသင်းတို့နဲ့ယှဉ်ပြိုင် ရဖို့ရှိနေပြီး ရှုံးနိမ့်ခဲ့တဲ့ ကာတာအသင်းကတော့ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။
Photo:Reuters










