
ကာတာစစ်တပ်က ဖမ်းထားတယ်လို့ အီရန်က စွပ်စွဲထားတဲ့ အီရန်လေယာဉ်မှူးတွေရဲ့ ကံကြမ္မာကို စုံစမ်းစစ်ဆေးဖို့ အီရန်အဖွဲ့တဖွဲ့ကို ကာတာအစိုးရအနေနဲ့ နိုင်ငံထဲ ဝင်ခွင့်ပြုသင့်တယ်လို့ အီရန်စစ်ဘက်အရာရှိက သြဂုတ် ၁၆ ရက်မှာ ပြောလိုက်တဲ့အကြောင်း အီရန်မီဒီယာတွေက ဖော်ပြပါတယ်။
ကာတာအစိုးရက အီရန်လေယာဉ်မှူးတွေကို မဖမ်းထားဘူးလို့ ပြောဆိုငြင်းခုံခဲ့ပါတယ်။ အီရန်လေယာဉ်မှူးတွေက မတ်လမှာ ကာတာလေပိုင်နက်ကို ချိုးဖောက်ပြီးတဲ့နောက် ကာတာ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက လေယာဉ်မှူးတယောက်ရဲ့ ရုပ်ကြွင်းကို ရှာတွေ့ခဲ့တယ်လို့ ကာတာအစိုးရက စနေနေ့မှာ ပြောခဲ့တာပါ။
ရုပ်ကြွင်းတွေကို လွှဲပြောင်းပေးအပ်ရေး ညှိနှိုင်းဆောင်ရွက်ဖို့ ကာတာက အီရန်ကို ဆက်သွယ်ခဲ့ပေမဲ့ တုံ့ပြန်မှု မရခဲ့ဘူးလို့ ကာတာအစိုးရက ပြောပါတယ်။
ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေရဲ့ အသေးစိတ်အချက်အလက်တွေကို ပြန်သုံးသပ်ဖို့ ဖိတ်ကြားခဲ့ပေမဲ့ ဘယ်လိုတုံ့ပြန်မှုမှ မရခဲ့ဘူးလို့လည်း ပြောပါတယ်။
အီရန်လေတပ် ကျွမ်းကျင်သူနဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့က ကာတာနိုင်ငံထဲဝင်ဖို့ လပေါင်းများစွာ စောင့်ဆိုင်းနေခဲ့တယ်လို့ အီရန်လက်နက်ကိုင်တပ်ဖွဲ့ စစ်ဦးစီးအရာရှိရဲ့ ပျောက်ဆုံးနေသူများရှာဖွေရေးကော်မတီ တပ်မှူး မိုဟာမက် ဘာကာဇာဒါက ပြောခဲ့တဲ့အကြောင်း Tasnim သတင်းဌာနက သတင်းထုတ်ပါတယ်။
ကာတာအရာရှိတွေက စုံစမ်းစစ်ဆေးမှုကို အကြိမ်ကြိမ်နှောင့်နှေးစေပြီး လေယာဉ်မှူးတွေ အီရန်ကို ပြန်မလာနိုင်အောင် တားဆီးခဲ့တယ်လို့ ဘာကာဇာဒါက စွပ်စွဲခဲ့ပါတယ်။
အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီအနေနဲ့ အမှုကို အရေးတကြီး လိုက်လံဆောင်ရွက်ပေးဖို့ကိုလည်း သူက တောင်းဆိုခဲ့ပါတယ်။
ကူဝိတ်နိုင်ငံထဲမှာ ဖမ်းဆီးခံထားရတဲ့ အီရန်နိုင်ငံသား ၄ ယောက်ရဲ့ ကံကြမ္မာနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ကူဝိတ်အစိုးရကလည်း ဖုံးကွယ်ထားတယ်လို့ ဘာကာဇာဒါက ပြောခဲ့ပါတယ်။
သူတို့ ၄ ယောက်ဟာ တော်လှန်ရေးအစောင့်တပ်နဲ့ ဆက်နွှယ်နေပြီး ရေကြောင်းသွားလာမှု အနှောင့်အယှက်ကြောင့် ကူဝိတ်ရေပိုင်နက်ထဲ ရောက်မသွားမီ ရေကြောင်းကင်းလှည့်ရာမှာ ပါဝင်ခဲ့တယ်လို့ အီရန်က မေလတုန်းက ပြောပါတယ်။
သူတို့ ၄ ယောက်ဟာ နိုင်ငံအပေါ် ရန်လိုတဲ့လုပ်ရပ်တွေကိုလုပ်ဖို့ စီစဉ်နေတယ်လို့ သံသယရှိတဲ့အကြောင်း ကူဝိတ်အစိုးရက ပြောပါတယ်။
Source: Reuters











