
လာအိုနိုင်ငံ၊ ဆိုင်းဆုမ်ဘွန်းခရိုင်ထဲမှာ ပြီးခဲ့တဲ့မေလက ရွှေတူးသမား ၇ ယောက် ဂူထဲမှာ ပိတ်မိနေလို့ ထိုင်းနဲ့ တခြားနိုင်ငံက ကယ်ဆယ်ရေးသမားတွေပါ သွားရောက် ကယ်တင်နေကြတာမှာ ပျောက်ဆုံးနေသူ ၂ ယောက်ကို ရှာမတွေ့သေးပေမဲ့ ပတ်ဝန်းကျင် ဆိုးရွားလာလို့ ဇွန် ၆ ရက်မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ရပ်နားလိုက်ရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ကျန်နေသေးတဲ့ ၂ ယောက်ကို ကယ်တင်နိုင်ဖို့ သူတို့အတတ်နိုင်ဆုံး ကြိုးစားခဲ့ကြတယ်၊ ခေတ်မီကိရိယာတွေသုံးပြီး သီတင်း ၂ ပတ်လောက် မရပ်မနား ရှာဖွေခဲ့တယ်၊ ဂူထဲမှာ တဖြည်းဖြည်း အခက်အခဲတွေ ရှိလာပြီး အလွန်အန္တရာယ်များတာကြောင့် ရပ်နားလိုက်ရတယ်လို့ ကာလာဆင် မေတ္တာဓမ္မကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌ နိုင်းကိန်ကာဘန်ကာဝုန်းက သတင်းထောက်တွေကို ပြောပါတယ်။
“ဂူထဲက လိုဏ်ခေါင်းတွေ ကျဉ်းမြောင်းလာတယ်၊ တချို့နေရာ အမြင့် ၃၀ စင်တီမီတာလောက်ပဲ ရှိတယ်။ အခက်ခဲဆုံးက လိုဏ်ခေါင်းအမှတ် ၄ နဲ့ ၅ ပါပဲ။ ကျောက်ဆောင်ကျောက်ခဲတွေ မကြာခဏ ကျိုးပဲ့ကျလာသလို အပြင်က မိုးရေတွေ အပေါက် ၄ ပေါက်ကနေ ဂူထဲ ထပ်ထပ်ပြီး ပြန်ဝင်လာတယ်။ ကယ်ဆယ်ရေးလုပ်သားတွေလည်း ပင်ပန်းနွမ်းလျပြီး နေမကောင်းတဲ့ သူတွေလည်း ရှိလာတယ်။ ဆက်လက်လုပ်ဆောင်ဖို့ အလွန်အန္တရာယ်များတာကြောင့် ရပ်ဆိုင်းလိုက်ရတယ်။”
သဘာဝက အခြေအနေမပေးလို့ ခုလို ရပ်ဆိုင်းလိုက်ရပေမဲ့ ဂူထဲကရေတွေ စုပ်ထုတ်တာ၊ အောက်စီဂျင် လွှတ်ပေးထားတာတော့ ဆက်လုပ်နေတယ်။ ဂူထဲကျန်တဲ့ ၂ ယောက် တွေ့လို တွေ့ငြား အစာရေစာတွေ ချထားပေးခဲ့တယ်လို့ နောက်ထပ် လာအိုကယ်ဆယ်ရေးသမား တယောက်က ပြောပါတယ်။
ပျောက်ဆုံးနေတဲ့အထဲက တယောက်ရဲ့ ဇနီးဖြစ်သူ အသက် ၂၀ ကျော်အရွယ် မိန်းကလေးဟာ ၈ လသားရွယ် ကလေးကို ချီပိုးပြီး ခင်ပွန်းဖြစ်သူကို မျှော်လင့်ကြီးစွာ နေ့စဉ် လာရောက် စောင့်ဆိုင်းခဲ့ပါတယ်။
သူဟာ ခင်ပွန်းဖြစ်သူ ပျောက်ဆုံးကတည်းက ၁၈ ရက်ထိ တနေ့မှ မပျက်ကွက်ဘဲ ထမင်းထုပ်နဲ့ လာရောက်စောင့်ဆိုင်းတယ်၊ ကယ်ဆယ်ရေး ရပ်နားလိုက်ကြောင်း သိရတဲ့နောက် မျက်ရည်တွေ ကျလာတဲ့ သူမကို မြင်သူတိုင်း သနားကရုဏာ သက်ကြပါတယ်။ ကယ်ဆယ်ရေးအဖွဲ့သားတွေ ငွေစုပြီး ထိုင်းဘတ် ၄၅,၀၀၀ နဲ့ညီမျှတဲ့ လာအိုငွေ သန်း ၃၀ ကို ထောက်ပံ့ကူညီခဲ့ကြပါတယ်။
အလားတူ နောက်ထပ် ပျောက်ဆုံးနေသူရဲ့ မိသားစုဝင်ကိုလည်း တူညီတဲ့ငွေကြေးပမာဏ ထောက်ပံ့ပေးခဲ့ပါတယ်။
ထိုင်းနဲ့ နိုင်ငံခြား ကယ်ဆယ်ရေးသမားတွေ လာအိုနိုင်ငံ ဗီယန်ကျင်းမြို့ လေဆိပ်ကနေ မထွက်ခွာခင် လာအိုတာဝန်ရှိသူနဲ့ ပြည်သူတွေဟာ ကျေးဇူးတင်ရှိကြောင်း ပြသတဲ့အနေနဲ့ ပန်းစည်းတွေနဲ့ သွားရောက် နှုတ်ဆက်ခဲ့ပါတယ်။
တရုတ်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတခုရဲ့ လာအိုနေ့စားအလုပ်သမား ၁၀ ယောက်ဟာ မေ ၁၉ ရက်က လောင့်ကျဲန့်ရွာအနီး တောင်ပေါ်က ဂူထဲမှာ လုပ်အားခ တနေ့ ထိုင်းဘတ် ၂၅၀ ခန့်နဲ့ ရွှေတူးဖော်ဖို့ ဝင်ရောက်သွားခဲ့ချိန် မိုးတွေရွာလာပြီး ဂူထဲ ရေတွေ စီးဝင်သွားသလို မြေပြိုမှုတွေလည်း ရှိတာကြောင့် ဂူထဲ ပိတ်မိနေခဲ့တာပါ။
၁၀ ယောက်ထဲက ၃ ယောက်မှာ မိမိဘာသာ ထွက်လာနိုင်ပြီး ၅ ယောက်ကိုတော့ ကယ်ဆယ်ရေးသမားတွေက မေ ၂၇ ရက်မှာ တွေ့ရှိကာ ဂူအပြင်ဘက်ကို တယောက်ချင်းစီ ကယ်ထုတ်နိုင်ခဲ့ပါတယ်။
အဆိုပါ ကယ်ဆယ်ရေးသမားတွေထဲမှာ လွန်ခဲ့တဲ့ ၇ နှစ်က ထိုင်းမြောက်ပိုင်း၊ ချင်းရိုင်းခရိုင်၊ မယ်ဆိုင်ဂူကြီးထဲမှာ ပိတ်မိနေတဲ့ တောဝက် အကယ်ဒမီဘောလုံးသမား လူငယ် ၁၃ ယောက်ကို ပထမဆုံး တွေ့ရှိ ကယ်တင်ခဲ့တဲ့ ဖင်လန်နိုင်ငံ ရေငုပ်ကျွမ်းကျင်သူ မစ်ကိုပီအဲတာရီပါးစီနဲ့ ထိုင်းရေငုပ်ကျွမ်းကျင်သူတွေပါ ပါဝင်ပါတယ်။
Source: Thairath / ThaiPBS











