
လာအိုနိုင်ငံမှာရှိတဲ့ တရုတ်လေတပ်စခန်းနဲ့ ပတ်သက်ပြီး စီးပွားရေး၊ နိုင်ငံရေးနဲ့ စစ်ရေးအရ အသုံးပြုနိုင်ခြေ အခြေအနေတွေ အပါအဝင် ဖြစ်ပေါ်တိုးတက်မှုတွေကို ထိုင်းလေတပ်အနေနဲ့ စောင့်ကြည့်လေ့လာသွားမယ်လို့ ထိုင်းလေတပ်ဦးစီးချုပ်က ပြောလိုက်ပါတယ်။
ထိုင်းဘုရင့်လေတပ် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆက်ဆန်ခန်ထာက လာအိုနိုင်ငံ ဘန်ခွမ်မှာရှိတဲ့ တရုတ်လေတပ်စခန်းဟာ အင်အားကြီးနိုင်ငံတွေက အိမ်နီးချင်းနိုင်ငံတွေအပေါ် လွှမ်းမိုးမှုနဲ့ ဩဇာချဲ့ထွင်လာနေတဲ့ ဥပမာတခုပဲလို့ ရည်ညွှန်းပြောဆိုသွားခဲ့တယ်လို့ Khaosod သတင်းမှာ ဖော်ပြပါတယ်။
အောက်တိုဘာ ၁၂ ရက်က ဘုရင့်လေတပ် စစ်တက္ကသိုလ်မှာ ပြုလုပ်တဲ့ ၂၀၂၇-၂၀၂၈ မူဝါဒဆိုင်ရာ ဦးစားပေးလုပ်ငန်းစဉ်များ မိတ်ဆက်ပွဲမှာ ဗိုလ်ချုပ်ကြီး ဆက်ဆန်က ပြောကြားခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံအနေနဲ့ ဒီလိုစီမံကိန်းတွေရဲ့ နောက်ကွယ်က ရည်ရွယ်ချက်တွေကို ခွဲခြမ်းစိတ်ဖြာဖို့နဲ့ ဖြစ်ပေါ် တိုးတက်မှုတွေကို စောင့်ကြည့်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။
ဗိုလ်ချုပ်ကြီးဆက်ဆန်က “ကျနော်တို့ အပြင်ဘက်ကနေပဲ အခြေအနေတွေကို စောင့်ကြည့်သွားမှာ ဖြစ်သလို ထွက်ပေါ်လာတဲ့ လက္ခဏာရပ်မျိုးစုံကိုလည်း ခွဲခြမ်းစိတ်ဖြာ သုံးသပ်သွားမှာပါ။ အဓိကအင်အားကြီးနိုင်ငံတွေ ပါဝင်ပတ်သက်ပြီး တည်ဆောက်ထားတဲ့ စခန်းတွေဟာ စီးပွားရေး၊ နိုင်ငံရေးနဲ့ စစ်ရေး ရည်ရွယ်ချက်တွေအတွက် အသုံးပြုနိုင်ပါတယ်” လို့ ပြောပါတယ်။
အဲဒီ လေတပ်စခန်းကိုတော့ တရုတ်-လာအို ချစ်ကြည်ရေး လေကြောင်းသင်တန်းကျောင်းနဲ့အတူ စက်တင်ဘာ ၂၉ ရက်ကမှ တရားဝင် ဖွင့်လှစ်ခဲ့တာပါ။
တရုတ် အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနကတော့ တရုတ်-လာအို ပူးတွဲထောက်ပံ့ရေးနဲ့ လေ့ကျင့်ရေးစခန်းကို လာအိုလေတပ် လေသူရဲတွေကို လေ့ကျင့်ပေးနိုင်ဖို့ ၂ နိုင်ငံ ပူးတွဲကိုင်တွယ် မောင်းနှင် ထိန်းသိမ်းသွားမှာ ဖြစ်ကြောင်းနဲ့ ဒီစခန်းဟာ ဘယ်တတိယနိုင်ငံကိုမှ ရည်ရွယ်တိုက်ခိုက်တာ မဟုတ်ဘူးလို့ ပြောထားပါတယ်။
ဒါပေမဲ့ အရှေ့တောင်အာရှမှာ တရုတ်ရဲ့ စစ်ရေးအရ ပါဝင်ပတ်သက်မှု တိုးချဲ့လာနိုင်ခြေရှိတဲ့အပေါ် လုံခြုံရေး လေ့လာသုံးသပ်သူတွေက စိတ်ဝင်စားနေကြပြီး မေးခွန်းထုတ်မှုတွေလည်း ရှိနေပါတယ်။
တရုတ်နဲ့ လာအိုတို့ကတော့ ဒါဟာ ပူးတွဲလေ့ကျင့်ရေးနဲ့ ထောက်ပံ့ရေးစခန်းတခုသာ ဖြစ်တယ်လို့ လူအများရှေ့မှာ ဗြောင်ပြောထားကြတာပါ။
ဒီနေရာဟာ ၁၉၆၀ နဲ့ ၁၉၇၀ ပြည့်လွန်နှစ်တွေတုန်းက အမေရိကန်ဟာ လာအို၊ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားတို့မှာ စစ်ဆင်ရေးတွေ လုပ်ဆောင်စဉ်က အသုံးပြုခဲ့ဖူးတဲ့ သမိုင်းကြောင်း ရှိခဲ့ဖူးပါတယ်။
ဒီကိစ္စဟာ လာအိုတနိုင်ငံတည်း ကိစ္စမဟုတ်ဘဲ လွန်ခဲ့တဲ့ ၅ နှစ်ကနေ ၁၀ နှစ်အတွင်း အင်အားကြီးနိုင်ငံတွေက သူတို့ရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့နဲ့ ဩဇာချဲ့ထွင်ဖို့ ကြိုးပမ်းလာကြတာကြောင့် ဖြစ်ပေါ်လာတဲ့ ဒေသတွင်း ပထဝီနိုင်ငံရေးရဲ့ ပိုမိုကျယ်ပြန့်တဲ့ အပြောင်းအလဲတွေကို ဟပ်ပြနေတာလို့ ဗိုလ်ချုပ်ကြီးဆက်ဆန်က ဆိုပါတယ်။
အင်အားကြီးနိုင်ငံတွေနဲ့ ဆက်ဆံရေးကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ထိုင်းနိုင်ငံအနေနဲ့ အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ တခြားသက်ဆိုင်ရာဌာနတွေနဲ့ ပေါင်းစပ်ညှိနှိုင်းဖို့ လိုအပ်ကြောင်းနဲ့ ထိုင်းနိုင်ငံအနေနဲ့ အိမ်နီးချင်းတွေနဲ့ ကင်းကွာပြီး သီးခြားနေလို့ မရဘူးလို့ သူက ဆက်ပြောပါတယ်။
လာအိုဟာ ငြိမ်းချမ်းရေးကို မြတ်နိုးပြီး စီးပွားရေး တိုးတက်အောင် လုပ်ဆောင်ဖို့ လိုအပ်နေတဲ့ ချစ်ကြည်ရေး အိမ်နီးချင်းနိုင်ငံဖြစ်ပေမဲ့ စီးပွားရေး၊ စစ်ရေးနဲ့ နိုင်ငံရေး ဩဇာတွေဟာ ဒွန်တွဲပြီး တိုးချဲ့လာနိုင်တာကြောင့် ထိုင်းနိုင်ငံအနေနဲ့ ဖြစ်ပေါ်တိုးတက်မှုတွေကို စောင့်ကြည့်ဖို့နဲ့ ပါဝင်ပတ်သက်နေတဲ့ နိုင်ငံတွေရဲ့ ရည်ရွယ်ချက်ကို အကဲဖြတ်ဖို့ လိုအပ်တယ်လို့ ဆက်ဆန်က မှတ်ချက်ပြုခဲ့ပါတယ်။
ဒါ့ပြင် ထိုင်းနိုင်ငံရဲ့ နိုင်ငံခြားရေးနဲ့ စစ်ရေး ဆက်ဆံရေးတွေဟာ အမျိုးသားအကျိုးစီးပွားနဲ့ နှစ်ဦးနှစ်ဖက် ဘုံအကျိုးစီးပွားအပေါ် အခြေခံရမှာဖြစ်ပြီး ဘယ်အာဏာပိုင်နိုင်ငံတခုတည်း အပေါ်မှာမှ မှီခိုအားထားမှု မရှိအောင် ရှောင်ရှားရမယ်လို့လည်း သူက ဖြည့်စွက်ပြောကြားပါတယ်။
“သတင်းအချက်အလက် ပူးပေါင်းဆောင်ရွက်မှု ခရီးမှာ ကျနော်တို့ဟာ လွှမ်းမိုးချုပ်ကိုင်မှု မခံရတဲ့ မဟာမိတ်တွေ ဖြစ်ရမယ်၊ ရန်သူမဖြစ်ဘဲ ယှဉ်ပြိုင်ဘက်တွေ ဖြစ်ရမယ်၊ ပြီးတော့ စေတနာအမှန်ပြတဲ့ မိတ်ဆွေတွေ ဖြစ်ရပါမယ်” လို့ သူက ပြောသွားခဲ့တာပါ။
နိုင်ငံအတွက် အကျိုးအမြတ် ရရှိစေဖို့ ထိုင်းနိုင်ငံအနေနဲ့ တချို့သော ကိစ္စတွေမှာ လိုက်လျောညီထွေ လုပ်ဆောင်တာ ဒါမှမဟုတ် အပြန်အလှန် ညှိနှိုင်းတာတွေ လုပ်ရလေ့ရှိပေမဲ့ စစ်ရေး၊ သံတမန်ရေးဟာ အစိုးရရဲ့ နိုင်ငံခြားရေးမူဝါဒ၊ နိုင်ငံခြားရေးဝန်ကြီးဌာနတို့နဲ့ ဟန်ချက်ညီညီ ဆက်လက်ရှိနေရမယ်လို့ ဆက်ဆန်က ပြောကြားပါတယ်။
Source: Khaosod











