လာအိုနိုင်ငံ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံအဆင့်က လွတ်မြောက်

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံဟာ ဝင်ငွေ၊ ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍတွေမှာ တိုးတက်မှုတွေ ရရှိလာပြီးနောက် နိုဝင်ဘာ ၂၄ ရက်မှာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများ (LDCs) အုပ်စုကနေ တက်လှမ်းနိုင်ခဲ့ပြီလို့ ကုလသမဂ္ဂ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (UNCTAD) က ထုတ်ပြန်ပါတယ်။
လာအိုနိုင်ငံဟာ နှစ်ပေါင်း ၅၅ နှစ်ကြာပြီးနောက် ကုလသမဂ္ဂက သတ်မှတ်ထားတဲ့ အဆင်းရဲဆုံးနိုင်ငံ ဒါမှမဟုတ် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ (LDC) ဆိုတဲ့စာရင်းကနေ တရားဝင် တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီလိုအဆင့်တက်ဖို့ကို လာအိုအစိုးရက လွန်ခဲ့တဲ့ ၂၀၀၀ ပြည့်နှစ်ကတည်းက အမျိုးသားရေး ရည်မှန်းချက်တခုအနေနဲ့ ချမှတ်ပြီး ကြိုးစားလာခဲ့တာပါ။ နောက်ဆုံးတော့ ၂၀၂၁ ခုနှစ်မှာ ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒရေးရာ ကော်မတီက အဆင့်တက်ဖို့ ထောက်ခံချက်ပေးခဲ့ပြီး အခုလို အောင်မြင်ခဲ့တာပါ။
ကုလသမဂ္ဂက အဓိက အချက် ၃ ချက်ကို ကြည့်ပြီး ဆုံးဖြတ်တာဖြစ်ပြီး ပထမတချက်က တဦးချင်း ဝင်ငွေ၊ ဒုတိယတချက်က လူ့စွမ်းအားအရင်းအမြစ် (ဥပမာ- ကျန်းမာရေးနဲ့ ပညာရေး)၊ တတိယ တချက်က စီးပွားရေးနဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အားနည်းချက်တွေပါ။
ပုံမှန်အားဖြင့်တော့ နိုင်ငံတနိုင်ငံက အဆင့်တက်ဖို့ဆိုရင် ၃ နှစ်တကြိမ် ပြန်လည်သုံးသပ်တဲ့အခါ ၂ ကြိမ်ဆက်တိုက် ဒီအချက် ၃ ချက်ထဲက အနည်းဆုံး ၂ ချက်နဲ့ ကိုက်ညီရပါတယ်။
လာအိုနိုင်ငံအနေနဲ့ ပထမဆုံးအကြိမ် ၂၀၁၈ ခုနှစ်တုန်းက ဝင်ငွေနဲ့ လူ့စွမ်းအားအရင်းအမြစ် စံနှုန်းတွေနဲ့ ပြည့်မီခဲ့တယ်။ ၂၀၂၁ ခုနှစ် ပြန်လည်သုံးသပ်တဲ့အခါမှာတော့ အချက် ၃ ချက်လုံး ပြည့်မီသွားတဲ့အတွက် ကော်မတီက အဆင့်တက်ဖို့ ထောက်ခံချက် ပေးခဲ့တာပါ။
ဒါပေမဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကုလသမဂ္ဂ အထွေထွေညီလာခံက လာအိုကို ပုံမှန်ပေးနေကျ ၃ နှစ်အစား ကြိုတင်ပြင်ဆင်ဖို့ ၅ နှစ် သက်တမ်းထပ်ပေးခဲ့တယ်။ အခုတော့ အချိန်ပြည့်ပြီး အဆင့်တက်နိုင်ခဲ့ပြီဖြစ်ပါတယ်။
၂၀၂၄ ခုနှစ် ပြန်လည်သုံးသပ်ချက်အရ လာအိုရဲ့ ၃ နှစ်ပျမ်းမျှ တဦးချင်းဝင်ငွေက အမေရိကန်ဒေါ်လာ ၂,၅၀၃ ရှိပါတယ်။ ဒါဟာ အဆင့်တက်ဖို့ သတ်မှတ်ထားတဲ့ ဒေါ်လာ ၁,၃၀၆ ထက် အများကြီး ပိုများပါတယ်။
လူ့စွမ်းအားအရင်းအမြစ် အညွှန်းကိန်းကလည်း ၇၄ ဒသမ ၈ ရောက်သွားပြီး သတ်မှတ်ချက် ၆၆ ထက် ကျော်လွန်နေတယ်။ စီးပွားရေးနဲ့ သဘာဝဘေးဆိုင်ရာ အားနည်းချက် အညွှန်းကိန်းကလည်း ၂၉ ဒသမ ၈ ရှိပြီး အမြင့်ဆုံးသတ်မှတ်ချက် ၃၂ ထက် နည်းနေတဲ့အတွက် အရည်အချင်း ပြည့်မီနေတာပါ။
ဒီကိန်းဂဏန်းတွေက တိုးတက်မှုကြီးကို ပြသနေပေမဲ့ လာအိုစီးပွားရေး လုံးဝကောင်းမွန်သွားပြီ လို့တော့ အဓိပ္ပာယ်မကောက်သင့်ပါဘူး။ LDC ဆိုတဲ့ စာရင်းက နိုင်ငံတနိုင်ငံ ချမ်းသာသလား ဆင်းရဲသလားဆိုတာကို ရိုးရိုးရှင်းရှင်း သတ်မှတ်တာမျိုး မဟုတ်ဘဲ ဖွဲ့စည်းပုံဆိုင်ရာ အားနည်းချက် တွေကို တိုင်းတာတာပါ။
ကမ္ဘာ့ဘဏ်ရဲ့ အဆိုအရ လာအိုဟာ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနဲ့ မက်ခရိုစီးပွားရေး တည်ငြိမ်မှုမှာ တိုးတက်မှုတွေ ရရှိထားပေမဲ့ အကြွေးကိစ္စကတော့ အများပြည်သူမူဝါဒ ရွေးချယ်စရာတွေကို ကန့်သတ်ထားတုန်းပါပဲ။ လက်တွေ့ဝင်ငွေတွေကလည်း ဖိအားတွေ ရှိနေပြီး အပြင်က ကုန်စျေးနှုန်း အတက်အကျတွေ (ဥပမာ- လောင်စာဆီစျေး) ဒဏ်ကိုလည်း ခံနေရတုန်းပါ။
ပြီးခဲ့တဲ့ ဇွန်လက ထုတ်ပြန်တဲ့ စီးပွားရေး အစီရင်ခံချက်အရ ၂၀၂၆ ခုနှစ်မှာ လာအိုရဲ့ စီးပွားရေး တိုးတက်မှုနှုန်းက ၃ ဒသမ ၈ ရာခိုင်နှုန်း ရှိမယ်လို့ ခန့်မှန်းထားပြီး အကြွေးပြန်ဆပ်ရမယ့် ပမာဏ ကလည်း ပြည်တွင်းထုတ်လုပ်မှု တန်ဖိုး (GDP) ရဲ့ ၁၃ ရာခိုင်နှုန်းလောက် ရှိမယ်လို့ ခန့်မှန်း ထားပါတယ်။
ဒါကြောင့် ကျန်းမာရေး၊ ပညာရေးနဲ့ လူမှုဖူလုံရေးကဏ္ဍတွေမှာ သုံးစွဲဖို့ နေရာပိုနည်းသွားကာ ဒီကဏ္ဍတွေကပဲ လာအိုကို ကုလသမဂ္ဂရဲ့ လူ့ဖွံ့ဖြိုးတိုးတက်မှု စံနှုန်းတွေ ပြည့်မီအောင် အစပိုင်းမှာ ကူညီပေးခဲ့တာပါ။
ကုလသမဂ္ဂ အေဂျင်စီ UNCTAD ဟာ ကုန်ထုတ်စွမ်းအားမြှင့်တင်ရေးနဲ့ ကုန်သွယ်ရေးမူဝါဒဆိုင်ရာ လုပ်ငန်းတွေကတဆင့် လာအိုနိုင်ငံကို ထောက်ပံ့ကူညီပေးခဲ့ပါတယ်။
UNCTAD ရဲ့ ကုန်ထုတ်စွမ်းအားအညွှန်းကိန်း (PCI) က ကျွမ်းကျင်မှု၊ အခြေခံအဆောက်အအုံကနေ အဖွဲ့အစည်းတွေနဲ့ စီးပွားရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုအထိ ရင်းနှီးမြှုပ်နှံမှုနဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဘယ်နေရာမှာ အလိုအပ်ဆုံးလဲ ဆိုတာကို ဖော်ထုတ်ဖို့ ကူညီပေးပါတယ်။
၂၀၂၄ ခုနှစ်မှာ လာအိုနိုင်ငံဟာ ဒီအညွှန်းကိန်းမှာ ၃၇ ဒသမ ၈ မှတ် ရရှိခဲ့ပြီး ဒါဟာ အဆင်းရဲဆုံးနိုင်ငံတွေရဲ့ ပျမ်းမျှ ၂၉ ဒသမ ၃ ထက် ပိုများပြီး အာရှက အဆင်းရဲဆုံးနိုင်ငံတွေရဲ့ ပျမ်းမျှနဲ့ တူညီပါတယ်။ ဒါပေမဲ့ အဆင်းရဲဆုံးနိုင်ငံတွေ မပါဝင်တဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ပျမ်းမျှဖြစ်တဲ့ ၄၇ ဒသမ ၁ ထက်တော့ နည်းပါသေးတယ်။
အခုလို အဆင်းရဲဆုံးနိုင်ငံအဖြစ်ကနေ လွတ်မြောက်သွားတာကြောင့် လာအိုအစိုးရအနေနဲ့ ရရှိပြီးသား ဖွံ့ဖြိုးတိုးတက်မှုတွေကို ဆက်လက်ထိန်းသိမ်းထားဖို့၊ စီးပွားရေးကို ခိုင်မာအားကောင်းအောင် တည်ဆောက်ဖို့နဲ့ အဆင်းရဲဆုံးနိုင်ငံအနေနဲ့ ခံစားခွင့်ရခဲ့တဲ့ အခွင့်အရေးတွေ မရှိတော့တဲ့အခါအတွက် ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်တဲ့ အရေးကြီးတဲ့ မှတ်တိုင်တခုလို့ ဆိုပါတယ်။
ကုလသမဂ္ဂဌာနေကိုယ်စားလှယ် ဘာခိုဒီယာက ပြောကြားရာမှာ ဒီလိုတက်လှမ်းနိုင်မှုဟာ ၂၀၃၅ ခုနှစ်မှာ အလယ်အလတ်ဝင်ငွေရှိတဲ့ အထက်တန်းနိုင်ငံအဆင့်ကို ရောက်ရှိဖို့အတွက် တိုးတက်မှုဆီ ဦးတည်သွားရမယ်လို့ ဆိုပါတယ်။
ဒီပစ်မှတ်ဟာ ခက်ခဲပေမဲ့ အားလုံးက အမျိုးသားလူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း ၁၀ ခုမြောက်နဲ့ နိုင်ငံရဲ့ ချောမွေ့စွာ အကူးအပြောင်း မဟာဗျူဟာအောက်က အလုပ်တွေကို အရှိန်မြှင့် လုပ်ဆောင်မယ်ဆိုရင် ဖြစ်နိုင်ခြေရှိတဲ့ ပစ်မှတ်လို့ ပြောပါတယ်။
နောက်တဆင့် ဦးစားပေးလုပ်ငန်းကတော့ တိုးပွားလာတဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်ရေး အခွင့်အလမ်းတွေကို ပိုမိုကွဲပြားတဲ့ စီးပွားရေး၊ အကျိုးရှိတဲ့ အလုပ်အကိုင်တွေနဲ့ ပိုမိုကောင်းမွန်တဲ့ လူနေမှုဘဝတွေအဖြစ် ပြောင်းလဲဖို့ပဲဖြစ်ပါတယ်။
Source: UNCTAD/ BANGKOK POST/ KHAOSOD











