
ထိုင်းအလယ်ပိုင်း စမွတ်စခွန်းခရိုင်ထဲမှာ နာမည်ရချောင်းဆိုးဆေးရည် အမှတ်တံဆိပ်ကို တုပပြီး ထုတ်လုပ်နေတဲ့ လုပ်ငန်းခွင် ၂ ခုကို တာဝန်ရှိသူတွေက ဝင်ရောက်စစ်ဆေးနှိမ်နင်းခဲ့ပြီး အဲဒီမှာ အလုပ်လုပ်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၈ ယောက် နဲ့ လာအိုလုပ်သား ၁ ယောက်၊ ပေါင်း ၉ ယောက်တို့ပါ ဖမ်းဆီးခံရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဒီမတိုင်ခင်က ထိုင်းတောင်ပိုင်းဘက်မှာ ချောင်းဆိုးဆေးရည်အတုနဲ့ ဓာတ်မတည့်ပျောက်ဆေး အတုတွေ ပျံ့နှံ့နေကြောင်း တိုင်ကြားချက်ရတာကြောင့် တာဝန်ရှိသူတွေဟာ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းကတဆင့် စုံစမ်းထောက်လှမ်းခဲ့တယ်။ ကုန်ကြမ်းပစ္စည်းနဲ့ ဆေးဝါးအတုတွေ သယ်ဆောင်နေတဲ့ ကွန်တိန်နာပါ အဖြူရောင် ဟိုင်းလပ်စ်ကားတစီးနောက်ကို နောက်ယောင်ခံရာက ထုတ်လုပ်တဲ့ စက်ရုံနေရာကို သိရှိခဲ့ပြီး ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက်နေ့က FDA အစာနဲ့ဆေးဝါး ကွပ်ကဲရေးဌာန တာဝန်ရှိသူတွေနဲ့အတူ သွားရောက်ဖမ်းဆီး အရေးယူခဲ့ တယ်လို့ တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။
ပထမစက်ရုံမှာ စမွတ်စခွန်းမြို့နယ် နားခုတ်ကျေးရွာအုပ်စု လယ်ကွင်းထဲမှာရှိတယ်။ အဲဒီနေရာမှာ ဆေးရည်အတုတွေကို ပုလင်းထဲထည့်နေတဲ့ ရွှေ့ပြောင်းအလုပ်သမား ၉ ယောက် တွေ့ရှိတယ်။ မြန်မာ ၈ ယောက်၊ လာအို ၁ ယောက် ပါဝင်ပြီး အလုပ်ရှင်ကိုတော့ မတွေ့ရပါဘူး။ အဲဒီမှာတော့ ဆေး ထုတ်တဲ့ စက်ပစ္စည်း၊ ဆေးရည်တွေ ထည့်ထားတဲ့ အပြာရောင်ပလတ်စတစ်ပုံးကြီး ၁၀၀ ကျော်အပြင် ဆေးပုလင်းအဖုံးနဲ့ တုပထားတဲ့ အမှတ်တံဆိပ်စတစ်ကာ အမြောက်အမြားကို သိမ်းဆည်းရမိခဲ့တယ်။
နောက်ထပ် စက်ရုံမှာ အဆိုပါနေရာနဲ့ ၁၆ ကီလိုမီတာခန့် ကွာဝေးပြီး ဆေးထဲပါဝင်ပစ္စည်းတွေ ကျိုချက်ရောစပ်တဲ့ နေရာအဖြစ် အသုံးပြုတယ်။ ဆေးကျိုအိုး ၁၀ အိုး၊ သကြားရည်ကန် နဲ့ ပုလင်းထဲ ထည့်ဖို့ အသင့်ရောစပ်ပြီးသား ဆေးရည်ပုံး ၂၀၀ ကျော်လည်း တွေ့ရှိတယ်။ အဲဒီကနေ ဆေးပုလင်းပေါင်း ၁၀၀,၀၀၀ ထိ ထုတ်လုပ်နိုင်တယ်လို့ တာဝန်ရှိသူတွေက ခန့်မှန်းပါတယ်။
ဆက်လက်ပြီး ဘန်ကောက် ဘန်ခွန်ထိန်းနယ်မြေရှိ နေအိမ်တလုံးကို သွားရောက်စစ်ဆေးတာမှာ မော်တော်ကားထဲကနေ ဖြန့်ဖြူးဖို့ ထုပ်ပိုးထားတဲ့ ချောင်းဆိုးပျောက်ဆေးအတု ပုလင်းပေါင်း ၄၀,၀၀၀ ကို ထပ်ပြီးတွေ့ရှိပါတယ်။
အတုလုပ်ခံရတဲ့ ချောင်းဆိုးပျောက်ဆေးနဲ့ ဓာတ်မတည့်ပျောက်ဆေးရဲ့ အမှတ်တံဆိပ် အစစ်အမှန်မှာ “Allergin Syrup” ဖြစ်တယ်။ ဆေးအနံ့အရသာ၊ တံဆိပ်နဲ့ ပုလင်းဖုံးတွေကို အစစ်နဲ့တူအောင် တုပထားပေမဲ့ စတစ်ကာအရောင်ကတော့ အစစ်နဲ့ အနည်းငယ် ကွဲပြားပါတယ်။
ဒီချောင်းဆိုးပျောက်ဆေးအတုတွေ လုပ်ရောင်းနေတာ ၂ နှစ်ခန့် ရှိသွားပြီဖြစ်ပြီး ထိုင်းတနိုင်ငံလုံးကို ဖြန့်ဖြူးရောင်းချတယ်။ အဲဒီနေ့က ဖမ်းဆီးသိမ်းဆည်းခဲ့တဲ့ တန်ဖိုးစုစုပေါင်း ဘတ် သန်းပေါင်း ၁၀၀ လောက်ရှိမယ်လို့ တာဝန်ရှိသူတွေက ခန့်မှန်းပါတယ်။
ဒါ့အပြင် အဲဒီက ရွှေ့ပြောင်းလုပ်သားတွေနဲ့ ယာဉ်မောင်းတချို့ကို ဖမ်းဆီးထားပြီး အဓိက ရင်းနှီးမြှုပ်နှံသူ၊ အလုပ်ရုံပိုင်ရှင်နဲ့ ဂိုဒေါင်ငှားရမ်းထားသူတွေကို ဥပဒေအရ အရေးယူဖို့ ဆက်လက်စုံစမ်းဖော်ထုတ်နေပါတယ်။
အဆိုပါဆေးဝါးတုတွေဟာ လူငယ်တွေကြားမှာလည်း လွဲမှားတဲ့ ရည်ရွယ်ချက်နဲ့ သောက်သုံးလေ့ရှိတာကြောင့် စားသုံးသူတွေအနေနဲ့ တံဆိပ်နဲ့ စတစ်ကာတွေ သေချာကြည့်ရှုစစ်ဆေးပြီးမှ ဝယ်ယူဖို့၊ သံသယရှိရင် ယုံကြည်စိတ်ချရတဲ့ ဆေးဆိုင်တွေမှာသာ ဝယ်ယူဖိူ့၊ FDA ဌာနမှာလည်း တိုက်ရိုက် မေးမြန်းနိုင်ကြောင်း သတိပေးထားပါတယ်။
Source: Dailynews /MGROnline











