
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ မုံရွာနဲ့ ချောင်းဦးမြို့နယ်အခြေစိုက်တဲ့ တော်လှန်ရေးတပ်ဖွဲ့တချို့ စစ်အာဏာရှင်တပ်ဆီ လက်နက်ချဘက်ပြောင်းခိုလှုံသွားတယ်လို့ အဲဒီခရိုင်တွေရဲ့ တာဝန်ရှိသူ တချို့ က DVB ကို ပြောပါတယ်။
ပြီးခဲ့တဲ့ နှစ်ပတ်ဝန်းကျင်က ရွှေဘိုခရိုင်၊ အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ တော်လှန်ရေးတပ်ဖွဲ့က ရဲဘော် ၃၀ ဝန်းကျင်နဲ့ မုံရွာနဲ့ ချောင်းဦးမြို့နယ်တွင်း အခြေစိုက်တဲ့ ဒေသကာကွယ်ရေးတပ်တခုက ရဲဘော် ၃၀ ဝန်းကျင်၊ စုစုပေါင်း တော်လှန်ရေးတပ်ဖွဲ့ဝင် ၆၀ လောက်ဟာ စစ်တပ်ဆီ ဘက်ပြောင်းခိုလှုံသွားတာပါ။
ရွှေဘိုခရိုင် တော်လှန်ရေးတပ်ရင်းက တာဝန်ရှိသူတယောက်က “ဘယ်အဖွဲ့လဲဆိုတော့ စစ်ကိုင်း၊ ဆားတောင်ကအဖွဲ့နဲ့ ချောင်းဦးကအဖွဲ့။ ပြီးခဲ့တဲ့ နှစ်ပတ်လောက်က ဝင်သွားတာ။ အဲဒီအဖွဲ့တွေက အရင်က တော်လှန်ရေးသေချာလုပ်တာ။ NUG အောက်ကလို့လည်း ပြောလို့ရတယ်။ တခါတလေကျ သူတို့က ဒေသခံအဖွဲ့ပေါ့၊ အဲလိုပုံစံမျိုးပဲ။ နောက်တဖွဲ့က မုံရွာခရိုင်တပ်ရင်း ၁၅ အောက်က တပ်ဖွဲ့တခု ခေါင်းဆောင်က ဦးဆောင်ပြီး ချောင်းဦးမှာ ဝင်သွားတာ။ လက်နက်တွေပါ ယူသွားတာ သူတို့က။ ဆားတောင်ကအဖွဲ့က လက်နက် ၅ လက်လောက်တော့ ပါသွားတယ်။ လူအားလုံးပေါင်းရင် ၆၀ ဝန်းကျင်လောက်တော့ ရှိတယ်” လို့ ပြောပါတယ်။
အဲဒီအဖွဲ့တွေ စစ်တပ်ဆီဘက်ပြောင်းသွားတာကြောင့် ဒေသတွင်းလုံခြုံရေး စိုးရိမ်နေရတယ်လို့ သူက ပြောပါတယ်။
ချောင်းဦးအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “အဓိက ကတော့ သူတို့က ရွှေဘိုခရိုင်ရဲ့ လုပ်ပုံကိုင်ပုံတွေကို သဘောမကျတာကြောင့် ဝင်သွားကြတာလို့ပြောတယ်။ တကယ်တမ်းက အဖွဲ့က ၂ ဖွဲ့ဆိုပေမဲ့ သူတို့က တဖွဲ့တည်းပဲ။ ခေါင်းစဉ်တွေပဲ ကွဲတာ။ အခုကျ လက်နက်တွေလည်း ပါသွားတယ်။ လုံခြုံရေးကလည်း စိုးရိမ်နေရပြီ” လို့ ပြောပါတယ်။
DVB အနေနဲ့ စစ်တပ်ဆီ ဘက်ပြောင်းခိုလှုံသွားတဲ့ အဖွဲ့တွေရဲ့ နာမည်တွေသိရဖို့ စုံစမ်းနေပေမဲ့ အတည်မပြုနိုင်သေးပါဘူး။
မြေပြင်မှာရှိတဲ့ ဒေသခံတချို့နဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့ကတော့ အဲဒီဖြစ်စဉ် မှန်ကန်ကြောင်းနဲ့ လုံခြုံရေးအခြေအနေအရ အဲဒီအဖွဲ့တွေက ဘယ်အဖွဲ့တွေဆိုတာ မပြောနိုင်သေးကြောင်း ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဘက်ကတော့ စစ်တပ်ဆီ ဘက်ပြောင်းခိုလှုံလာတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အများအပြားရှိနေကြောင်း မကြာခဏ သတင်းထုတ်ပြန်လေ့ရှိပါတယ်။
တော်လှန်ရေးတပ်တွေကတော့ ဘက်ပြောင်းခိုလှုံသွားသူတချို့ရှိပေမဲ့ စစ်တပ်က ဝါဒဖြန့် သလောက် အများအပြား မရှိဘူးလို့ ပြောဆိုတာတွေလည်း ရှိပါတယ်။
စက်တင်ဘာ ၂၄ ရက်က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်ရှိ အထူးတိုင်းစစ်ဌာနရဲ့ ဆက်သွယ်ရေးစခန်း ဗုံးကြဲတိုက်ခိုက်ခံရတာဟာ PDF တပ်ပြေးတွေနဲ့ နုတ်ထွက်သွားတဲ့ရဲဘော်တွေဆီကနေ သတင်းပေါက်ကြားမှုကြောင့်ဖြစ်တယ်လို့ အထူးတိုင်း စစ်ဌာနချုပ်က စက်တင်ဘာ ၃၀ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။










