DVB Logo
Home
မြန်မာသတင်း
မလေးရှားနိုင်ငံ မီးလောင်မှုအတွင်း မြန်မာအလုပ်သမား ၁ ဦး သေဆုံး
DVB
·
June 1, 2026
Photo: via Facebook/Chow Kon Yeow
Photo: via Facebook/Chow Kon Yeow
Donate to DVB

မလေးရှားနိုင်ငံ၊ ပီနန်းမြို့က ဖျော်ဖြေရေးဆိုင်တဆိုင်မှာ မီးလောင်မှုဖြစ်ပွားပြီး မြန်မာအမျိုးသားတဦးရဲ့ သေဆုံးမှုကို ရဲတပ်ဖွဲ့က ရုတ်တရက် သေဆုံးမှုအဖြစ် သတ်မှတ်လိုက်တဲ့အကြောင်း Malay Mail သတင်းမှာ မေ ၃၁ ရက်က ဖော်ပြပါတယ်။

အရှေ့မြောက်ခရိုင် ရဲမှူးကြီး လီဆွီဆိတ်ခ်က အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြည်သူတွေအနေနဲ့ ထင်မြင်ချက်ပေးတာမျိုးတွေ မလုပ်ကြဖို့ သတိပေးထားပြီး ဒါဟာ သေဆုံးရတဲ့ အကြောင်းရင်းအပေါ် ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုတွေနဲ့ မီးလောင်ရတဲ့ အကြောင်းရင်းအပေါ် မလေးရှား မီးသတ်နဲ့ ကယ်ဆယ်ရေးဌာနရဲ့ စစ်ဆေးမှုတွေကို ထိခိုက်စေနိုင်လို့ ဖြစ်တယ်လို့ ပြောပါတယ်။

ရဲမှူးကြီးရဲ့ ပြောကြားချက်အရ ရဲတပ်ဖွဲ့ဟာ မေ ၃၀ ရက်ည ၈ နာရီ မိနစ် ၅၀ မှာ ပြည်သူတွေဆီကနေ မီးလောင်မှုသတင်းကို ရရှိခဲ့တာဖြစ်ပြီး အဲဒီနောက် မီးသတ်သမားတွေက အသက် ၅၀ ကျော်အရွယ်လောက်ရှိတဲ့ သေဆုံးသူရဲ့ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့တာပါ။

အခု မီးလောင်ခဲ့တဲ့နေရာဟာ စားသောက်ဆိုင်အဖြစ် ပြောင်းလဲဖို့ ပြုပြင်မွမ်းမံမှုတွေ လုပ်ဆောင်နေတဲ့ နေရာတခုဖြစ်ပြီး၊ သေဆုံးသူဟာ အဲဒီလုပ်ငန်းခွင်က ကန်ထရိုက်တာအောက်မှာ လုပ်ကိုင်နေတဲ့ အလုပ်သမားတယောက် ဖြစ်နိုင်တယ်လို့ ယူဆရပေမဲ့ စုံစမ်းစစ်ဆေးမှုတွေကိုတော့ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

တပြိုင်တည်းမှာပဲ ပီနန်းပြည်နယ် မီးသတ်နဲ့ ကယ်ဆယ်ရေးဌာန ညွှန်ကြားရေးမှူး မိုဟာမက်ရှိုကီ ဟမ်ဇာက အမိုးတွေနဲ့ ကွန်ကရစ်နံရံတွေ အကြီးအကျယ် ပြိုကျ ပျက်စီးခဲ့တာကြောင့် အဆောက်အအုံရဲ့ အလယ်ဗဟိုအထိ မီးသတ်သမားတွေဝင်ပြီး မီးငြှိမ်းသတ်ဖို့ အခက်အခဲရှိခဲ့လို့ အပူချိန်လျှော့ချတဲ့ လုပ်ငန်းစဉ်တွေကို အခုအချိန်အထိ ဆက်လက်လုပ်ဆောင်နေရတုန်းပဲလို့ ပြောပါတယ်။

မီးသတ်ဌာနရဲ့ ခန့်မှန်းချက်အရ အရင် အိုဒီယွန်ရုပ်ရှင်ရုံဟောင်း အဆောက်အအုံမှာ ဖွင့်လှစ်ထားတဲ့ Midnight Black လို့အမည်ရတဲ့ ဒီဖျော်ဖြေရေးဆိုင်ရဲ့ စုစုပေါင်းဧရိယာ စတုရန်းမီတာ ၁,၃၀၀ ကျော်ထဲက ၇၀ ရာခိုင်နှုန်းလောက်ဟာ မီးထဲပါသွားပြီး ပျက်စီးခဲ့ရပါတယ်။

သေဆုံးသူရဲ့ အမည်ကတော့ မိုဟာမက် ဘိုရှီ ဆာဘီအူလာ ဖြစ်ပြီး သူ့ရဲ့ ရုပ်အလောင်းကိုတော့ ည ၁၁ နာရီ ၁၅ မိနစ်လောက်မှာ မီးငြှိမ်းသတ်ပြီးနောက် အဆောက်အအုံရဲ့ ထွက်ပေါက်အနီးမှာ ပြင်းထန်တဲ့ မီးလောင်ဒဏ်ရာတွေနဲ့ ရှာဖွေတွေ့ရှိခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။

လက်ရှိမှာတော့ သေဆုံးရတဲ့ အကြောင်းရင်း အတိအကျကို သိရှိနိုင်ဖို့အတွက် သေဆုံးသူရဲ့ ရုပ်အလောင်းကို ပီနန်းဆေးရုံကြီးဆီ ပို့ဆောင်ပြီး ရင်ခွဲစစ်ဆေးနေပါတယ်။

ဒီမီးငြှိမ်းသတ်မှု စစ်ဆင်ရေးမှာတော့ မီးသတ်စခန်း ၄ ခုက မီးသတ်ရဲဘော် ၃၈ ယောက်အပြင် စေတနာ့ဝန်ထမ်း မီးသတ်တပ်ဖွဲ့ဝင် ၁၆  ယောက်တို့လည်း ပါဝင်ကူညီခဲ့ကြပြီး  လုပ်ငန်းစဉ်တွေ စနစ်တကျ ရှိစေဖို့အတွက် မီးလောင်မှုဖြစ်ပွားရာ နေရာမှာတင် မီးသတ်ကွပ်ကဲမှုစခန်းတခုကိုလည်း ချက်ချင်းဖွင့်လှစ် ဆောင်ရွက်ခဲ့ပါတယ်။

မီးသတ်ဌာနဟာ ည ၈ နာရီ မိနစ် ၅၀ မှာ အရေးပေါ်ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့တာဖြစ်ပြီး၊ မီးလောင်တဲ့နေရာကို ရောက်ရှိတဲ့အချိန်မှာ အဆောက်အအုံတခုလုံးဟာ မီးတောက်တွေ အကြီးအကျယ် ဖုံးလွှမ်းနေပြီလို့ ဆိုပါတယ်။

အခု မီးလောင်ခဲ့တဲ့ အိုဒီယွန် ရုပ်ရှင်ရုံဟောင်း အဆောက်အအုံဟာ ပီနန်းမြို့ရဲ့ အထင်ကရ အဆောက်အအုံတွေထဲက တခုဖြစ်ပြီး မူလက Theatre Royal လို့ လူသိများခဲ့ကာ နောက်ပိုင်းမှာ King's Theatre နဲ့ Odeon Cinema ဆိုပြီး အမည် ပြောင်းလဲခဲ့တာဖြစ်သလို ဒီအဆောက်အအုံဟာ ၂၀ ရာစုအစောပိုင်းကတည်းက ပီနန်းပြည်နယ်ရဲ့ ဖျော်ဖြေရေးကဏ္ဍမှာ သမိုင်းဝင် ပါဝင်ခဲ့တဲ့ နေရာတခုလည်း ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

သေဆုံးသွားတဲ့ မြန်မာအမျိုးသားနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

Source: Malay Mail

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013