
ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာဟာ အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် နိုင်ငံရဲ့စွမ်းအင် ထောက်ပံ့မှုအပေါ် အန္တရာယ်ကျရောက်တော့မဲ့ အခြေအနေကြောင့် မတ် ၂၄ ရက်မှာ နိုင်ငံလုံးဆိုင်ရာ စွမ်းအင်အရေးပေါ်အခြေအနေကို ကြေညာခဲ့ပါတယ်။
သမ္မတမားကို့စ်က လောင်စာဆီ၊ အစားအသောက်၊ ဆေးဝါး၊ စိုက်ပျိုးရေးထွက်ကုန်တွေနဲ့ တခြား မရှိမဖြစ်လိုအပ်တဲ့ ကုန်ပစ္စည်းတွေကို သယ်ယူပို့ဆောင်ရေး၊ ဖြန့်ဝေရေးနဲ့ လုံလုံလောက်လောက် ရရှိနိုင်ရေးအတွက် လိုအပ်တဲ့ အစီအစဉ်တွေ စနစ်တကျ လည်ပတ်နိုင်အောင် ကော်မတီတခု ဖွဲ့စည်းထားတယ်လို့ ပြောပါတယ်။
မီဒီယာတွေကို မျှဝေခဲ့တဲ့ အမိန့်ကြေညာစာထဲမှာတော့ အရှေ့အလယ်ပိုင်း စစ်ပွဲကြောင့် ကမ္ဘာ့စွမ်းအင်စျေးကွက်မှာ မရေရာ မသေချာမှုတွေ ဖြစ်လာပြီး ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက် ပြတ်တောက်မှုတွေ ဆိုးဆိုးရွားရွားဖြစ်လာနေပါတယ်။
နိုင်ငံတကာ ရေနံစျေးနှုန်းတွေလည်း အတက်အကျကြမ်းပြီး စျေးတက်လာနေတယ်လို့ မားကို့စ်က ဖော်ပြထားပြီး၊ "ဒါဟာ နိုင်ငံရဲ့ စွမ်းအင်လုံခြုံရေးကို ခြိမ်းခြောက်နေတာပဲ" လို့ ဆိုပါတယ်။
သယ်ယူပို့ဆောင်ရေး အလုပ်သမားတွေ၊ ခရီးသွားပြည်သူတွေနဲ့ စားသုံးသူအဖွဲ့အစည်းတွေဟာ လောင်စာဆီစျေးနှုန်း မြင့်တက်လာတာနဲ့ မားကို့စ်အစိုးရရဲ့ အရေးယူဆောင်ရွက်ဖို့ ပျက်ကွက်မှုတွေ ကို ကန့်ကွက်တဲ့အနေနဲ့ မတ် ၂၆ ရက်ကစပြီး ၂ ရက်ကြာ ဆန္ဒပြသပိတ်မှောက်ဖို့ စီစဉ်နေကြ ပါတယ်။
ဖိလစ်ပိုင်နိုင်ငံဟာ ရေနံစိမ်းအားလုံးနီးပါးကို အရှေ့အလယ်ပိုင်းကနေ တင်သွင်းနေတာပါ။ အမေရိကန်-အစ္စရေးနဲ့ အီရန်တို့ကြား ဖြစ်ပွားနေတဲ့ စစ်ပွဲကြောင့် မြင့်တက်လာတဲ့ ရေနံစျေးနှုန်းတွေ ကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ နိုင်ငံအနေနဲ့ ရုန်းကန်နေရပါတယ်။
Source: Reuters











