
တရုတ်နိုင်ငံနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေမှာ တာဝန်မဲ့ ပြောဆိုနေတဲ့ နိုင်ငံရေးသမားတွေကို ထိန်းချုပ်ဖို့ တရုတ်နိုင်ငံက ဖိလစ်ပိုင်နိုင်ငံကို အောက်တိုဘာ ၁၉ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။
တရုတ်သံအမတ်ကြီးရဲ့ ပြောဆိုချက်တွေကို “အင်အားသုံး ခြိမ်းခြောက်မှု” အဖြစ် အဓိပ္ပာယ် ကောက်ယူခဲ့လို့ ဖိလစ်ပိုင်အစိုးရက တရုတ်သံအမတ်ကြီးကို ဆင့်ခေါ်ခဲ့ပြီးတဲ့နောက်မှာ တရုတ်က ခုလို တိုက်တွန်းလိုက်တာပါ။
တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောခွင့်ရ မော်နင်က “တရုတ်-ဖိလစ်ပိုင် ဆက်ဆံရေး တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ချက်က နိုင်ငံနှစ်ခုစလုံးရဲ့ ဘုံအကျိုးစီးပွားအတွက် အထောက်အကူ ဖြစ်စေပါတယ်။ တချိန်တည်းမှာပင် ဖိလစ်ပိုင်နိုင်ငံထဲက လူပုဂ္ဂိုလ်တချို့က တရုတ်နိုင်ငံနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို အကြီးအကျယ် လှုံ့ဆော်ပြောဆိုပြီး နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်ပျက်ပြားစေဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေလို့ ဆောင်ရွက်ချက် အားလုံးကို ကျနော်တို့ ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။ ဖိလစ်ပိုင်ဘက်အနေနဲ့ နိုင်ငံရေးသမားတချို့ရဲ့ တာဝန်မဲ့ ပြောဆိုလုပ်ဆောင်မှုတွေကို ထိန်းချုပ်ဖို့ ခိုင်မာတဲ့ အရေးယူ ဆောင်ရွက်မှုတွေ လုပ်သင့်ပါတယ်” လို့ ပြောပါတယ်။
ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး ထရီဆာလာဇာရိုဟာ တနင်္လာနေ့မှာ တရုတ်သံအမတ်ကြီး ကျင်းခွမ်းကို ခေါ်ယူတွေ့ဆုံခဲ့ပြီး ပြီးခဲ့တဲ့အပတ်က ကျင်းရဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး “ပြင်းထန်တဲ့ စိုးရိမ်ပူပန်မှုနဲ့ ပြတ်သားတဲ့ ကန့်ကွက်ချက်” ကို ဖော်ပြ ပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့အပတ်က ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီး ဂီလ်ဘာတို တီယိုဒိုရိုက တရုတ်နိုင်ငံကို ဒေသတွင်း “ပြဿနာဖန်တီးသူ” အဖြစ် ဖော်ပြပြောဆိုခဲ့လို့ ကျင်းက ပြန်တုံ့ပြန် ပြောဆိုခဲ့ပြီးတဲ့နောက် ဒီအငြင်းပွားမှု ပေါ်ပေါက်လာတာပါ။
တရုတ်နိုင်ငံအနေနဲ့ အင်အားသုံးဖို့ ရွေးချယ်ရင် အလွယ်တကူ အနိုင်ရနိုင်ပေမဲ့ ငြိမ်းချမ်းရေးအတွက် ကတိကဝတ်ပြုထားတဲ့ တရုတ်နိုင်ငံရဲ့ မူဝါဒအရ ခုလိုလုပ်မှာ မဟုတ်ဘူးလို့ ကျင်းက မီဒီယာတွေကို အလေးပေး ပြောပါတယ်။
Source: Reuters











