
တရုတ်နိုင်ငံဟာ ၄၃ ကြိမ်မြောက် အန္တာတိက သိပ္ပံဆိုင်ရာ စူးစမ်းလေ့လာရေးခရီးစဉ် စတင်ခြင်း အထိမ်းအမှတ်အနေနဲ့ တရုတ်နိုင်ငံတောင်ပိုင်း၊ ဟိုင်နန်ပြည်နယ်၊ ဆန်းယာမြို့မှာ နိုဝင်ဘာ ၇ ရက်က ခရီးထွက်ခွာပွဲ အခမ်းအနားတခုကို ကျင်းပခဲ့ပါတယ်။
သဘာဝအရင်းအမြစ်ဝန်ကြီးဌာနက ဦးဆောင်စီစဉ်တဲ့ ဒီလုပ်ငန်းစဉ်ဟာ တရုတ်နိုင်ငံရဲ့ ဝင်ရိုးစွန်းဒေသ သုတေသန စခန်းတွေနဲ့ ထောက်ပံ့ပို့ဆောင်ရေးကွန်ရက်တို့ကို အဆင့်မြှင့်တင်မှာပါ။
အန္တာတိကတိုက်မှာ ဘာသာရပ်ပေါင်းစုံပါဝင်ပြီး ကျယ်ပြန့်တဲ့ စူးစမ်းလေ့လာမှုတွေနဲ့ စောင့်ကြည့်လေ့လာမှုတွေ ဆောင်ရွက်ဖို့ တာဝန်လည်း ပါရှိပါတယ်။
ဒါ့အပြင် ဒီခရီးစဉ်မှာ ဝင်ရိုးစွန်းသိပ္ပံနယ်ပယ်ရဲ့ ရှေ့တန်းကဏ္ဍတွေမှာ ဦးစားပေး သုတေသနလုပ်ငန်းတွေကို လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
ပြည်တွင်းမှာ တီထွင်ထုတ်လုပ်ထားတဲ့ စက်ကိရိယာတွေကို စမ်းသုံးရင်း သိပ္ပံနဲ့ ထောက်ပံ့ပို့ဆောင်ရေး ဆိုင်ရာကဏ္ဍတွေမှာ ၂ နိုင်ငံနဲ့ နိုင်ငံပေါင်းစုံပူးပေါင်း ဆောင်ရွက်မှုတွေကို ပိုတိုးမြှင့်သွားမှာလည်း ဖြစ်ပါတယ်။
ဒီလေ့လာရေးခရီးစဉ်မှာ ရေခဲခွဲသင်္ဘောတွေဖြစ်တဲ့ "ရွှယ့်လုံ" နဲ့ "ရွှယ်လုံ-၂"သင်္ဘောတွေအပြင် တခြားသင်္ဘောတစင်းလည်း ပါဝင်ထောက်ပံ့ ပေးထားပါတယ်။
ပြည်တွင်း အဖွဲ့အစည်းပေါင်း ၁၀၀ ကျော်က အဖွဲ့ဝင် ၆၀၀ ကျော် ပါဝင်ဆောင်ရွက်နေပြီး၊ တာဝန်တွေ ပြီးမြောက်ပြီးရင် ၂၀၂၇ ခုနှစ်၊ ဧပြီလမှာ တရုတ်နိုင်ငံဆီ ပြန်ရောက်မယ်လို့ မျှော်မှန်းထားပါတယ်။
လွန်ခဲ့တဲ့ ၅ နှစ်တာကာလ အတွင်း တရုတ်နိုင်ငံရဲ့ အန္တာတိက လေ့လာရေးခရီးစဉ်တွေဟာ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး၊ သိပ္ပံသုတေသန ကိရိယာတွေကို ကိုယ်တိုင် သုတေသနပြု တီထွင်ထုတ်လုပ်ခြင်း၊ ဝင်ရိုးစွန်း သိပ္ပံသုတေသန လုပ်ငန်းတွေနဲ့ ကမ္ဘာလုံးဆိုင်ရာ ဝင်ရိုးစွန်းဆိုင်ရာ စီမံအုပ်ချုပ်မှုမှာ ပါဝင်ဆောင်ရွက်တာ အပါအဝင် ကဏ္ဍပေါင်းစုံမှာ သိသာထင်ရှားတဲ့ တိုးတက်မှုတွေကို ရခဲ့တယ်လို့ CCTV သတင်းမှာဖော်ပြထားပါတယ်။
Source: Reuters











