
ပြည်သူလူထုကို အခြေခံပြီး မိမိဒေသကို လွတ်လပ်စွာ ကိုယ်တိုင်စီမံအုပ်ချုပ်နိုင်ဖို့အတွက် တူညီတဲ့ ပန်းတိုင်တခုတည်း ဆုပ်ကိုင်ပြီး နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ထောက်ခံမှုရရှိအောင် လုပ်ဆောင်နေတယ်လို့ ဩဂုတ် ၁၀ ရက်နေ့ ကျရောက်တဲ့ ကချင်အမျိုးသားအာဇာနည်နေ့မှာ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ပြောလိုက်ပါတယ်။
လူမျိုးတိုင်း ကိုယ့်ကံကြမ္မာ ကိုယ်ဆုံးဖြတ်နိုင်ခွင့် ရရှိရေးအတွက် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ပေါင်းစည်းမှုအောက်မှာ နိုင်ငံရေး၊ စစ်ရေးကို မရပ်မနား လုပ်ဆောင်နေတာကြောင့် တိုင်းသူပြည်သားနဲ့ ကချင်ပြည်သူများ အားလုံး သံသယစိတ်မရှိဘဲ ထောက်ခံအားပေးကြဖို့ ဗိုလ်ချုပ်ကြီးအင်ဘန်လက ပြောဆိုလိုက်တာပါ။
“လူမျိုးတိုင်း ကိုယ့်ကံကြမ္မာ ကိုယ်ဆုံးဖြတ်ပိုင်ခွင့် ရရှိရေးအတွက် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ပေါင်းစည်းမှုအောက်မှာ နိုင်ငံရေး၊ စစ်ရေးကို မရပ်မနား လုပ်ဆောင်နေပါတယ်။ နိုင်ငံသားတွေနဲ့ ကချင်ပြည်သူတွေအားလုံး သံသယစိတ်မရှိဘဲ ထောက်ခံအားပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။”
ဒါ့အပြင် အိမ်နီးချင်းနိုင်ငံတွေ အပါအဝင် ကမ္ဘာ့နိုင်ငံကြီးတွေနဲ့ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု ရရှိပြီး နိုင်ငံတကာ နိုင်ငံရေးစင်မြင့်ပေါ် အားကောင်းတဲ့ နိုင်ငံရေးခြေလှမ်းတွေ လျှောက်လှမ်းနိုင်ဖို့အတွက် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေနဲ့သာမက NUG, CRPH တွေနဲ့လည်း လက်တွဲလျက် အစီအစဉ်တကျ ပူးပေါင်းလုပ်ဆောင်နေတယ်လို့ ဗိုလ်ချုပ်ကြီး အင်ဘန်လရဲ့ မိန့်ခွန်းမှာ ပါရှိပါတယ်။
“အိမ်နီးချင်းနိုင်ငံတွေနဲ့ ကမ္ဘာ့နိုင်ငံကြီးတွေ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အသိအမှတ်ပြု ထောက်ခံမှုကို ရရှိရန်လိုအပ်ပြီး တော်လှန်ရေလုပ်ငန်းတွေကိုလည်း တဆင့်ပြီးတဆင့် ရှေ့သို့ရောက်အောင် တိုးမြှင့်ဆောင်ရွက်နိုင်ဖို့ လိုပါတယ်။ ဒါကြောင့် နှစ်ရှည် လက်နက်ကိုင် တော်လှန်ရေး တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေသာမက NUG, CRPH တို့နဲ့ လက်တွဲပြီး အစီအစဉ်တကျ ပူးပေါင်းလုပ်ဆောင်နေပါတယ်။”
မျှော်မှန်းနေတဲ့ ပြည်သူလူထုမှာ အချုပ်အာခြာအာဏာတည်တဲ့ အခွင့်အာဏာ ရရှိလာဖို့အတွက် တော်လှန်ရေးအဖွဲ့တွေအားလုံးက တူညီတဲ့ပန်းတိုင်တခုကို ဆုပ်ကိုင်ထားရမယ်လို့လည်း ပြောကြားခဲ့ပါတယ်။
KIO အနေနဲ့ အသက်ရင်းပြီး လက်နက်ကိုင်တော်လှန်တဲ့ တော်လှန်ရေး ခရီးစဉ်ကို အချိန်တိုအတွင်း ကျော်ဖြတ်နိုင်ဖို့ နည်းလမ်းပေါင်းစုံကနေ စဉ်းစားအဖြေရှာ ဦးဆောင်ကာ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
စစ်အာဏာရှင် အမြစ်ပြတ် ချေမှုန်းနိုင်ဖို့ ကြိုးပမ်းနေတဲ့အချိန် ပြည်သူပြည်သားတွေအနေနဲ့ အာဏာရှင်ဘက်မှာ ပါဝင်ပတ်သက်တာတွေ လုံးဝမလုပ်ကြဖို့လည်း မိန့်ခွန်းမှာ အထူးသတိပေး ပြောဆိုထားတာ တွေ့ရပါတယ်။
စစ်အာဏာရှင် အမြစ်တွယ်စေဖို့ လုပ်ငန်းစဉ်တွေမှာ ပါဝင်နေတဲ့သူတွေရဲ့ တရားစီရင်တဲ့နေ့ရက် ရောက်လာလိမ့်မယ်လို့ ဗိုလ်ချုပ်ကြီးအင်ဘန်လက ပြောဆိုထားပါတယ်။
ဒါ့အပြင် KIO ဥက္ကဋ္ဌက အာဏာသိမ်း စစ်အာဏာရှင်အဖွဲ့ကိုလည်း မိန့်ခွန်းကနေတဆင့် သတင်းစကား ပြောကြားလိုက်ပါတယ်။
“မြန်မာအာဏာရှင်စစ်တပ်ကိုလည်း မှာကြားချင်ပါတယ်။ နိုင်ငံရေးကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းဖို့ စိတ်ဆုံးဖြတ်ချက်ချနိုင်ရမှာ ဖြစ်ပါတယ်။ ကိုယ်လုပ်လိုက်တဲ့ လုပ်ရပ်တွေက မှန်ကန်တယ်လို့ ထင်ရပေမဲ့ အများပြည်သူလူထုက လက်ခံဘူးဆိုရင် ပြန်စဉ်းစားကြည့်ရမှာ ဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲရမဲ့ အရာတွေကို အချိန်မနှောင်းခင်မှာ အမြန်ဆုံး ပြုပြင်ပြောင်းလဲဖို့ တိုက်တွန်းချင်ပါတယ်။ ပြည်သူတွေကို ပစ်မှတ်ထားတာ၊ လူသားဒိုင်းအဖြစ် လုပ်ဆောင်တာတွေကို ရှောင်ကြဉ်ရမှာ ဖြစ်တယ်။ လူတိုင်းရဲ့ အသက်အိုးအိမ်ကို အလေးပေး တန်ဖိုးထားဖို့လည်း ထည့်ပြောချင်တယ်။ စစ်ရေးမှာ လိုက်နာကျင့်သုံးရမဲ့ စစ်ရေးကျင့်ဝတ်တွေကိုလည်း တိတိကျကျ လိုက်နာရမှာဖြစ်တယ်လို့ ပြောကြားလိုတယ်။”
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ကို ၁၉၆၀ အောက်တိုဘာ ၂၅ ရက်နေ့က ဖွဲ့စည်းခဲ့ပြီး လက်နက်ကိုင်တပ်ဖွဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကို ၁၉၆၁ ဖေဖော်ဝါရီ ၅ ရက်မှာ ဖွဲ့စည်းခဲ့ပါတယ်။
၁၉၇၅ ခုနှစ် သြဂုတ် ၁၀ ရက်နေ့က ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ကို စတင်တည်ထောင်ခဲ့သူ GOC Lahtaw Zau Seng နဲ့ ထိပ်ပိုင်းခေါင်းဆောင်တချို့ ကျဆုံးခဲ့တဲ့နေ့ကို ကချင်အာဇာနည်နေ့ အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။










