
ဒီမနက်အစောပိုင်းက ကစားသွားတဲ့ ဥရောပချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ အက်သလက်တီကိုမက်ဒရစ်အသင်းဟာ ဘာစီလိုနာကို (၂-၁) ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပေမဲ့ နှစ် ကျော့ပေါင်းရလဒ် (၃-၂) ဂိုးနဲ့ ဆီမီးဖိုင်နယ် တက်ရောက်သွားပါတယ်။
ဒီရလဒ်ကြောင့် အက်သလက်တီအသင်းဟာ ဘာစီလိုနာကို ကျော်ဖြတ်ပြီး ၂၀၁၇ နောက်ပိုင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို တက်ရောက်သွားတာဖြစ်ပါတယ်။
မက်ထရိုပိုလီတာနိုကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဒီပွဲစဉ်မှာ ဘာစီလိုနာအတွက် လာမိန်းယာမဲလ်နဲ့ ဖာရန် တောရက်စ်တို့က ပွဲအစ ၂၅ မိနစ်အတွင်းမှာပဲ ဂိုးတွေသွင်းယူခဲ့ပါတယ်။
အက်သလက်တီကိုအတွက် တလုံးတည်းသောဂိုးကိုတော့ ပွဲချိန် ၃၁ မိနစ်မှာ အဒန်မိုလာ လွတ်မန်းက သွင်းယူပေးခဲ့ပြီး ပွဲပြီးခါနီး ၁၁ မိနစ်အလိုမှာ ဘာစီလိုနာနောက်ခံလူ အဲရစ် ဂါစီယာဟာ အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပါတယ်။
အက်သလက်တီကိုအသင်းဟာ ဆီမီးဖိုင်နယ်မှာ အာဆင်နယ် ဒါမှမဟုတ် စပို့တင်းအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။
အက်သလက်တီကိုအသင်းဟာ ပထမအကျော့မှာ ဘာစီလိုနာကို (၂-၀) ဂိုးနဲ့ အနိုင်ရထားပါတယ်။ ဒီရာသီ ကိုပါဒယ်ရေးဖလားပွဲစဉ်မှာလည်း ဘာစီလိုနာကို (၄-၀) ဂိုးနဲ့ အနိုင်ရခဲ့ဖူးပါတယ်။
အက်သလက်တီကို မက်ဒရစ်ဟာ ဒီရာသီ ချန်ပီယံလိဂ် အိမ်ကွင်းပွဲစဉ် ၆ ပွဲမှာ ၅ ပွဲအထိ အနိုင်ရထားပြီး ဂိုးပေါင်း ၂၀ သွင်းယူထားကာ ပြိုင်ပွဲရဲ့ အိမ်ကွင်းသွင်းဂိုးအများဆုံးအသင်း ဖြစ်နေပါတယ်။
အက်သလက်တီကို တိုက်စစ်မှူး ဂျူလီယန် အယ်လ်ဗာရက်ဇ်ကတော့ ဒီရာသီ ချန်ပီယံလိဂ်မှာ ၉ ဂိုးသွင်းယူထားပြီး အသင်းသမိုင်းတလျှောက် ပြိုင်ပွဲတရာသီအတွင်း ဂိုးအများဆုံးသွင်းတဲ့ ကစားသမားဖြစ်လာပါတယ်။
Source: Sky Sports










