DVB Logo
Home
ဆောင်းပါး
စစ်အာဏာရှင်ရဲ့ ဟန်ပြလွတ်ငြိမ်းခွင့် ဝမ်းသာစရာမဟုတ်
DVB
·
April 27, 2026
စစ်အာဏာရှင်ရဲ့ ဟန်ပြလွတ်ငြိမ်းခွင့် ဝမ်းသာစရာမဟုတ်
Donate to DVB

မြန်မာစစ်အာဏာရှင်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထောင်ဒဏ်ကို အနည်းငယ် လျှော့ပေါ့ပေးပြီး အကျဉ်းသားထောင်ချီကို လွှတ်ပေးလိုက်ပါတယ်။ ဒါပေမဲ့ ဒါက သူတို့ သနားကြင်နာတတ်လာတာ မဟုတ်ဘဲ ပိုပြီး အာဏာပါးဝလာတာကို ပြသနေတယ်လို့ လေ့လာသုံးသပ်သူတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့အပတ်က စစ်အာဏာရှင်ဟာ ၆ လအတွင်း တတိယအကြိမ်အဖြစ် အကျဉ်းသား ၄,၃၃၅ ဦးကို လွတ်ငြိမ်းခွင့်ပေးခဲ့ပါတယ်၊၊ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကတည်းက လူမြင်ကွင်းက ပျောက်ကွယ်နေတဲ့ အသက် ၈၀ အရွယ် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထောင်ဒဏ် ၂၇ နှစ်ထဲက ခြောက်ပုံတပုံကို လျှော့ပေါ့ပေးခဲ့ပါတယ်။ လွတ်မြောက်လာသူတွေထဲမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းတုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဖမ်းဆီးခံခဲ့ရတဲ့ သမ္မတ ဦးဝင်းမြင့်လည်း ပါဝင်ပါတယ်။ 

အတုအယောင် ရွေးကောက်ပွဲအလွန် ဧပြီလ ၁၀ ရက်နေ့ စစ်အာဏာရှင် မင်းအောင်လှိုင် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီး ရက်ပိုင်းအကြာမှာပဲ အခုလို လုပ်ရပ်တွေ ထွက်ပေါ်လာတာဖြစ်ကြောင်း၊ ဒါဟာ တိုက်ဆိုင်မှု မဟုတ်ကြောင်း သုံးသပ်သူတွေက ဆိုပါတယ်။

မြန်မာ့အရေးကို အထူးလေ့လာနေတဲ့ Center for Strategic and International Studies (CSIS) ရဲ့ အရှေ့တောင်အာရှရေးရာ သုတေသီ ဟန်တာ မာစတန်ရဲ့ အဆိုအရ၊ ပြီးခဲ့တဲ့လ လွှတ်တော်ခေါ်ယူပြီးတဲ့နောက် စစ်အုပ်စုဟာ သူတို့ရဲ့အာဏာကို ပိုပြီး စိတ်ချ ယုံကြည်လာပုံရတယ်လို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထောင်ဒဏ်ကို “အနည်းငယ်” လျှော့ပေါ့ပေးလိုက်တာဟာ သူ့ကို အပြီးတိုင် လွှတ်ပေးဖို့ ဒါမှမဟုတ် ထောင်ဒဏ်ထပ်လျှော့ပေးဖို့ ဖြစ်နိုင်ခြေတွေ ရှိလာနိုင်ကြောင်း စစ်တပ်က ပြသလိုက်တဲ့ “ကနဦး အပေးအယူ ခြေလှမ်း”အဖြစ် သူက မှတ်ချက်ပြုပါတယ်။ လူထုခေါင်းဆောင်ကို လူမြင်ကွင်းထဲ ပြန်လည်ရောက်ရှိစေခြင်းအားဖြင့် အမေရိကန်လို ပြင်ပနိုင်ငံတွေနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်လာနိုင်တယ်လို့ သူက ဆိုပါတယ်။

အမေရိကန်အစိုးရကတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ ဆူပူလှုံ့ဆော်မှု၊ အဂတိလိုက်စားမှု၊ ရွေးကောက်ပွဲ မဲမသမာမှုနဲ့ နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေ ချိုးဖောက်မှု ဆိုတဲ့ စွဲချက်တွေဟာ ဒီမိုကရေစီအတိုက်အခံတွေကို နှိမ်နင်းဖို့ နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာဖြစ်တယ်လို့ ပြောဆိုထားပြီး သူ့ကို ချက်ချင်းလွှတ်ပေးဖို့ အရင်ကတည်းက တောင်းဆိုထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြစ်ဒဏ်ကို အနည်းငယ် လျှော့ပေါ့ပေးလိုက်တယ်ဆိုတာဟာ “ဝမ်းသာစရာ အကြောင်းမရှိပါဘူး” လို့ မြန်မာ့အရေး စာအုပ်များစွာ တည်းဖြတ်ဖူးတဲ့ ဩစတြေးလျတိုက် Adelaide University က ကထိက အဒမ်ဆင်မ်ဆင်က ပြောပါတယ်။ အကြောင်းကတော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အသက် ၉၇ နှစ်အရွယ် ၂၀၄၃ ခုနှစ်ကျမှ လွတ်မြောက်လာမှာ ဖြစ်ပြီး၊ အဲဒီအချိန်အထိ အသက်ရှင်နေမယ် ဆိုတဲ့ အာမခံချက်လည်း မရှိလို့ပါပဲ။

အသက်ရှင်နေတယ် ဆိုရင်တောင် သူ့ကို လူမြင်ကွင်းမှာ မတွေ့ရတာ  နှစ်အတန်ကြာရှိပါပြီ။ ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက စစ်အာဏာရှင်ဘက်က “ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်တယ်” လို့ ပြောခဲ့ပေမဲ့၊ သားဖြစ်သူ ကင်မ်အဲရစ်ကတော့ မိခင်ဆီက တိုက်ရိုက် အဆက်အသွယ်မရတာ နှစ်နဲ့ချီနေပြီဖြစ်ပြီး၊ အခုရက်ပိုင်းအတွင်းမှာတင် သူ့မိခင် “အသက်ရှင်လျက်ရှိကြောင်း အထောက်အထား” (Proof of life) ပြသဖို့ လူသိရှင်ကြား တောင်းဆိုထားပါတယ်။ မြန်မာတက်ကြွလှုပ်ရှားသူတွေက ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်လျက်ရှိကြောင်း အတည်ပြုပေးဖို့ နိုင်ငံတကာကနေ တောင်းဆိုတဲ့ လှုပ်ရှားမှုတခုကိုလည်း အွန်လိုင်းမှာ အားပေးထောက်ခံမှု အများအပြား ရရှိနေပါတယ်။ ဩစတြေးလျ Curtin Universityမှ မြန်မာနွယ်ဖွား တွဲဖက်ပါမောက္ခ ဒေါ်ထွေးထွေးသိန်းကတော့၊ သူ့ကို နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့ပေးခဲ့ရင်တောင် သူ့ရဲ့ အဆက်အသွယ်တွေကို စောင့်ကြည့်နေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ “သူ့ရဲ့ ဆက်သွယ်မှုတွေကို ထိန်းချုပ်ထားမှာ ဖြစ်သလို၊ သူ့ရဲ့ အသံဟာလည်း စစ်အုပ်စု ခွင့်ပြုတဲ့အတိုင်းအတာအထိပဲ ပြည်သူတွေဆီ ရောက်နိုင်မှာပါ။ ဒါဟာ သက်သောင့်သက်သာရှိတဲ့ အကျဉ်းခန်းတခု ပြောင်းပေးလိုက်တာပဲ ဖြစ်ပြီး၊ လွတ်လပ်ခွင့်ရတာ မဟုတ်ပါဘူး” လို့ ပြောပါတယ်။

စစ်တပ်ကို အစဉ်တစိုက် ဆန့်ကျင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရပ်တည်ချက်တွေကို ကြည့်ရင်၊ ဒီမိုကရေစီခေါင်းဆောင်ကြီးဟာ “အလျှော့ပေး လိုက်လျောမဲ့အစား အကျဉ်းကျခံတာကိုပဲ ရွေးချယ်ပါလိမ့်မယ်” လို့ ဒေါ်ထွေးထွေးသိန်း က ပြောပါတယ်။ 

“မြန်မာပြည်သူတွေက ချစ်ခင်လေးစားစွာနဲ့ ‘အမေစု’ လို့ ခေါ်ကြတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ မလွှတ်ပေးသရွေ့တော့ မြန်မာ့နိုင်ငံရေးအခင်းအကျင်းဟာ ရေခဲရိုက်ထားသလို အေးခဲနေဦးမှာပါပဲ” လို့ သူက ပြောပါတယ်။

ဟန်ပြလုပ်ရပ်များ 

၂၀၁၈ ခုနှစ်က မြန်မာနိုင်ငံရဲ့ ၁၀ ဦးမြောက် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို လွှတ်ပေးလိုက်တာဟာ ဟန်ပြလုပ်ရပ်သက်သက်သာ ဖြစ်တယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။ 

“သူက လူထုကို လှုံ့ဆော်စည်းရုံးနိုင်တဲ့ ပြယုဂ်တခု၊ လှုပ်ရှားမှုခေါင်းဆောင် ဒါမှမဟုတ် ကြီးမားတဲ့ ခြိမ်းခြောက်မှုတခု မဟုတ်ပါဘူး” လို့ ဒေါ်ထွေးထွေးသိန်းက ပြောပါတယ်။ သူ့ကို လွှတ်ပေးလိုက်တဲ့အတွက် “စစ်အုပ်စုအနေနဲ့ အရှုံးမရှိပါဘူး” လို့ ဖြည့်စွက်ပြောပါတယ်။

“ဒါဟာ နိုင်ငံရေးတည်ငြိမ်နေပြီလို့ ပုံဖော်ဖို့နဲ့ နိုင်ငံတကာနဲ့ ပြန်လည်ဆက်ဆံရေးရအောင် မြှူဆွယ်တဲ့ လုပ်ရပ်သာဖြစ်ပြီး၊ တကယ့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် သက်သေအထောက်အထား မဟုတ်ပါဘူး။”

အဒမ် ဆင်မ်ဆင် ကလည်း ဒီအချက်ကို သဘောတူပါတယ်။ ဦးဝင်းမြင့်ကို လွှတ်ပေးတာဟာ နိုင်ငံခြားအစိုးရတွေကို “နှစ်သိမ့်ဖို့” ရည်ရွယ်တာဖြစ်တယ်လို့ ဆိုပါတယ်။ သူက နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ မင်းအောင်လှိုင်ရဲ့ သမ္မတရာထူးကို အသိအမှတ်မပြုဘဲ ဆက်လက်ငြင်းပယ်ဖို့ တိုက်တွန်းခဲ့ပြီး၊ ဦးဝင်းမြင့်ဟာ ဒီမိုကရေစီစံနှုန်းတွေအရ မြန်မာနိုင်ငံရဲ့ တရားဝင် နိုင်ငံတော်အကြီးအကဲ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံဟာ ပြည်တွင်းစစ်နဲ့ ရင်ဆိုင်နေရပြီး စစ်တပ်ရဲ့ အာဏာတည်ဆောက်မှုကို နိုင်ငံတဝန်းက လက်နက်ကိုင်၊ နိုင်ငံရေးနဲ့ အရပ်ဘက် နည်းလမ်းပေါင်းစုံနဲ့ ဆက်လက် တွန်းလှန်နေကြပါတယ်။ စစ်ကောင်စီဟာ အတိုက်အခံတွေကို ထောက်ခံအားပေးသူတွေကို အပြစ်ပေးဖို့အတွက် အရပ်သားတွေအပေါ် လေကြောင်းကနေ ဗုံးကြဲတာတွေ၊ ရမ်းသန်းပစ်ခတ်တာတွေကို လုပ်ဆောင်နေပါတယ်။

“မြန်မာစစ်တပ်ဟာ ပြည်သူတွေအပေါ် ဆင်နွှဲနေတဲ့ သူတို့ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ စစ်ပွဲမှာ အရပ်သားတွေအပေါ် ဗုံးကြဲနေတာကို လျှော့ချမဲ့ အရိပ်အယောင် လုံးဝ မပြပါဘူး” လို့ ဆင်မ်ဆင် က ပြောပါတယ်။ 

“နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ အဲဒီနိုင်ငံက ဒီမိုကရေစီ အတိုက်အခံတွေကို ကူညီထောက်ပံ့ဖို့ သူတို့ တတ်နိုင်သမျှ အကုန်လုပ်ပေးသင့်ပါတယ်။”

စစ်အုပ်စုရဲ့ အခုလို ဟန်ပြလုပ်ရပ်လေးတွေအပေါ် သံတမန်ရေးအရ ကြိုဆိုပြီး အသိအမှတ်ပြုပေးချင်နေတဲ့ ပြင်ပနိုင်ငံတွေကို ဒေါ်ထွေးထွေးသိန်းကလည်း အခုလို ပြတ်ပြတ်သားသား သတိပေးလိုက်ပါတယ်။

“ဒီလိုအခြေအနေမျိုးမှာ နှုတ်ဆိတ်နေတာဟာ ကြားနေတာ မဟုတ်ပါဘူး။ အဲဒါဟာ (စစ်တပ်ရဲ့ လုပ်ရပ်တွေကို) ပူးပေါင်းကြံစည်ရာ ရောက်ပါတယ်” လို့ သူက ပြောကြားခဲ့ပါတယ်။

မာရီယာ စီရောင်း 

Ref: SCMP

(South China Morning Post သတင်းစာဝက်ဘ်ဆိုက်တွင် တရုတ်နိုင်ငံအခြေစိုက် ဆောင်းပါးရှင် Maria Siow ရေးသားထားသည့် “Why Myanmar’s token amnesties are ‘no cause for celebration”  ဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြသည်။)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013