
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှာ ဇွန် ၅ ရက်နေ့က မိုးကြိုးပစ်ခံရပြီး အမျိုးသား ၂ ယောက် သေဆုံးသွားခဲ့တယ်လို့ မင်းပြားဒေသခံတွေက ပြောပါတယ်။
မင်းပြားမြို့နယ်၊ မင်းဖူးကျေးရွာက လူငယ်အမျိုးသားတယောက်နဲ့ ချောင်းတိုကျေးရွာက အမျိုးသားတယောက်တို့ ဇွန် ၅ ရက်နေ့ ညနေ ၅ နာရီလောက်မှာ မိုးကြိုးပစ်ခံရပြီး သေဆုံးသွားခဲ့ကြတာလို့ မင်းပြားဒေသခံတယောက်က ပြောပါတယ်။
“မင်းပြားဘက်မှာ ဒီရက်ပိုင်း မိုးရွာ၊ မိုးကြိုးပစ်တာတွေရှိတယ်။ ဇွန်လ ၅ ရက်နေ့ကတော့ မင်းဖူးရွာက လူငယ်အမျိုးသားတဦးနဲ့ ချောင်းတိုရွာက လူလတ်ပိုင်း အမျိုးသားတဦး သေဆုံးခဲ့တာရှိတယ်။ တဦးနဲ့တဦး သေတဲ့အချိန်လည်း သိပ်မကွာကြဘူး။ တနာရီတည်း အတွင်းမှာ မိုးကြိုးပစ်ခံရတာ။ တယောက်နဲ့ တယောက်ကတော့ သေတဲ့နေရာကတော့ မတူကြဘူး”
သေဆုံးသူတွေဟာ မင်းပြားမြို့နယ်၊ မင်းဖူးကျေးရွာက အသက် ၁၈ နှစ်အရွယ် ကိုအေးကိုနိုင်နဲ့ ချောင်းတိုကျေးရွာက အသက် ၄၄ နှစ်အရွယ် ဦးမောင်ကျော်ထွန်း တို့ဖြစ်ပါတယ်။
ကိုအေးကိုနိုင်ဟာ သူရဲ့နေအိမ်မှာ ရေချိုးနေတုန်း မိုးကြိုးပစ်ခံခဲ့ရတာဖြစ်ပြီး ဦးမောင်ကျော်ထွန်းကတော့ သာစည်ကျေးရွာကို အလုပ်ကိစ္စနဲ့သွားပြီး သူရဲ့ရွာကို အပြန်လမ်းခုလတ်မှာ မိုးကြိုးပစ်ခံရတာလို့ ဒေသခံတွေက ပြောပါတယ်။
ဒါအပြင် ပြီးခဲ့တဲ့ မေ ၂၂ ရက် ညနေပိုင်းကလည်း မင်းပြားမြို့နယ်၊ မြစ်နားရွာမှာ မိုးကြိုးပစ်ခံရလို့ သားဖနှစ်ယောက် ဒဏ်ရာ အပြင်းအထန်ရခဲ့ကြတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
မင်းပြားမြို့နယ်မှာ အခုရက်ပိုင်းအတွင်း ညနေပိုင်းတွေမှာ မိုးသည်းထန်းစွာ ရွာသွန်းတာ၊ မိုးကြိုးပစ်တာ နေ့တိုင်းနီးပါး ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းနေပြီး အဲဒီ မိုးတိမ်တောင်တွေ ရွေ့လျားရာ နေရာတလျှောက်မှာ မိုးရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာနဲ့ မိုးသီးကြွေတာစတဲ့ မိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်တာကြောင့် ကြိုတင်သတိပြုကြဖို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။










