
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ မရှိန်းလှော်အုပ်စု ဝုမ်းခုမ်းကျေးရွာကို စစ်အာဏာရှင်တပ်က ဩဂုတ် ၃၀ ရက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျောင်းသား ၃ ယောက် အပါအဝင် စစ်ရှောင်နဲ့ သက်ကြီးအိုရွယ် ၈ ယောက် သေဆုံးပြီး ၁၅ ယောက်လောက် ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/CPA)က သတင်းထုတ်ပြန်ပါတယ်။
ညနေ ၅ နာရီခွဲလောက်မှာ စစ်အာဏာရှင်တပ်က ဂျက်လိုက်လေယာဉ် ၂ စင်းနဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မူလတန်းကျောင်းသား ၂ ယောက်၊ ကိုးတန်းကျောင်းသူ ၁ ယောက်၊ စစ်ဘေးရှောင် ၂ ယောက်နဲ့ သက်ကြီးအိုရွယ်တွေ အပါအဝင် အရပ်သား ၈ ယောက် သေဆုံးခဲ့ပြီး နောက်ထပ် ၁၅ ယောက်လည်း ထိခိုက်ဒဏ်ရာရရှိကာ လူနေအိမ် အများအပြားလည်း ထိခိုက် ပျက်စီးပြီး တခြားအပျက်စီးဆုံးရှုံးရှိခဲ့တယ်လို့ CPU/CPA က ပြောထားပါတယ်။
စစ်အာဏာရှင်တပ်ဟာ ချင်းပြည်နယ်၊ မင်းတပ်နဲ့ ကန့်ပက်လက်မြို့နယ်ကို အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးတိုက်ခိုက်မှုကို မေလလယ်ကတည်းက ပြုလုပ်နေပေမဲ့ CPU/CPA မဟာမိတ် ပူးပေါင်းတပ်တွေက ခုခံဟန့်တားထားနိုင်တာကြောင့် စစ်မြေပြင်မှာ အခြေအနေမဟန်တဲ့ စစ်အာဏာရှင်တပ်ဟာ တိုက်လေယာဉ်၊ Y-12 တွေနဲ့ အရပ်သားပစ်မှတ်တွေဖြစ်တဲ့ လူနေအိမ်၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဘာသာရေး အဆောက်အဦတွေကို အကြိမ်ပေါင်းများစွာ လေကြောင်း တိုက်ခိုက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
ဝုမ်းခုမ်းကျေးရွာဟာ လက်ရှိ စစ်တပ်နဲ့ CPU/CPA တို့အကြား တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ ကျေးရွာ ဖြစ်ပြီး စစ်တပ်က အရပ်ဘက်ပစ်မှတ်ကို တမင်ရည်ရွယ်ပြီး လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ မင်းတပ်မြို့နယ်က အမျိုးသားတယောက်က ပြောပါတယ်။
“ဝုမ်းခုမ်းရွာက လက်ရှိတိုက်ပွဲနဲ့ ဘာမှမဆိုင်ဘူး။ စစ်တပ်က သူတို့ရဲ့ ထိုးစစ်တွေ ရှုံးနိမ့်နေမှုကို လက်မခံနိုင်ဘဲ သူရဲဘောကြောင်တဲ့လုပ်ရပ်နဲ့ ပြည်သူတွေကို တမင်ရည်ရွယ်ပြီး ဗုံးကြဲ တိုက်ခိုက် ခဲ့တာ။ သေဆုံးသွားတဲ့အထဲ ဘာမှအပြစ်မရှိတဲ့ ကျောင်းသားတွေ၊ သက်ကြီးအိုရွယ်တွေ၊ စစ်ရှောင် တွေ ပါရှိခဲ့သလို ထိခိုက်ဒဏ်ရာရရှိသူနဲ့ အပျက်အစီး ဆုံးရှုံးမှုတန်ဖိုးက အရမ်းများတယ်” လို့ ပြောပါတယ်။
လက်ရှိမှာ လေကြောင်းဗုံးကြဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသွားသူတွေဟာ ဆေးကုသမှု ခံယူ နေကြ ရပြီး လေကြောင်းအန္တရာယ်ကို အချိန်တိုင်း အထူးသတိထားနေကြရတယ်လို့ မင်းတပ်ဒေသခံတွေ က ပြောကြပါတယ်။
ချင်းပြည်တောင်ပိုင်းက မြေပြင်ထိုးစစ်မှာ အထိနာနေတဲ့ စစ်အာဏာရှင်တပ်ဟာ ရှုံးမဲမဲပြီး ပြည်သူ လူထုအပေါ် သူရဲဘောကြောင်စွာ နေ့ညမရွေး လေကြောင်း ဗုံးကြဲတိုက်ခိုက်လာနေတာကြောင့် ချင်းပြည်သူ့အစည်းအရုံး ထိန်းချုပ်နယ်ရှိ ပြည်သူတွေအနေနဲ့ လေကြောင်းရန် အထူးသတိထားကြ ဖို့ကိုလည်း CPU/CPA က တိုက်တွန်းထားပါတယ်။
စစ်အာဏာရှင်တပ်ဟာ ချင်းပြည်နယ်က မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တို့ကို မေ၊ ဇွန်၊ ဇူလိုင်နဲ့ ဩဂုတ်လတွေအတွင်း နေ့တိုင်းလိုလို လေကြောင်း ဗုံးကြဲတိုက်ခိုက်နေတာကြောင့် အရပ်သား ထိခိုက်သေဆုံးမှုနဲ့ အိုးအိမ်ထိခိုက်ပျက်စီးမှုတွေဟာလည်း ဆက်တိုက် မြင့်တက်လာနေ ပါတယ်။











