
အမေရိကန်ရဲ့ တောင်းဆိုချက်တခုဖြစ်တဲ့ လက်နက်ထုတ်လုပ်နိုင်တဲ့အဆင့် သန့်စင်ပြီး ယူရေနီယမ် တွေကို ပြည်ပကိုပို့ဖို့ ဆိုတဲ့အချက်ကို လက်မခံဖို့ အီရန် အဓိပတိခေါင်းဆောင်က ညွှန်ကြားထား တယ်လို့ အီရန်သတင်းရင်းမြစ် ၂ ယောက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
အယာတိုလာ မို့ဂျ်တာဘာ ခါမေနီရဲ့ အမိန့်ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို ပိုစိတ်ပျက် စေနိုင်ပြီး စစ်ပွဲ အဆုံးသတ်ရေး ဆွေးနွေးမှုကို ပိုရှုပ်ထွေးလာစေနိုင်ပါတယ်။
အီရန်ဆီက ယူရေနီယမ်တွေကို သိမ်းယူပြီး ဖျက်ဆီးပစ်မှာဖြစ်တယ်လို့ မေ ၂၁ ရက်မှာ ထရမ့်ပ်က ပြောထားပါတယ်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကလည်း ဒီယူရေနီယမ်တွေကို အီရန်ကနေ ဖယ်ရှား ပစ်မှသာ စစ်ပွဲပြီးဆုံးမယ်လို့ ပြောပါတယ်။
ဒီလို ပြည်ပပို့လိုက်ရင် အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ နောက်ထပ်တိုက်ခိုက်မှုတွေ ခံရနိုင်တယ်လို့ အီရန် တာဝန်ရှိသူတွေက ယုံကြည်နေကြပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်က စတင်ခဲ့တဲ့ စစ်ပွဲဟာ လက်ရှိမှာ အပစ်အခတ် ရပ်စဲထားပေမဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ ထူးခြားမှု မရှိသေးပါဘူး။
အမေရိကန်ဟာ လေကြောင်းတိုက်ခိုက်မှုတွေ ထပ်လုပ်ဖို့ လှည့်စားနေတာဖြစ်တယ်လို့ အီရန်ဘက် က သံသယရှိနေပါတယ်။
မေ ၂၀ ရက်ကလည်း အမေရိကန်ဘက်က တိုက်ခိုက်ဖို့ ပြင်ဆင်နေတဲ့ လှုပ်ရှားမှုတွေ တွေ့နေရတယ်လို့ အီရန်ငြိမ်းချမ်းရေးကိုယ်စားလှယ် မိုဟာမက်ဘာကွာ ကွာလီဘက်ဖ်က ပြောပါတယ်။
ဒါပေမဲ့ ယူရေနီယမ်တွေကို ပြည်ပပို့မဲ့အစား အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ရဲ့ ကြီးကြပ်မှုနဲ့ အာနိသင်လျှော့ချတဲ့ နည်းလမ်းမျိုးလည်း သုံးနိုင်ခြေရှိတယ်လို့ အီရန် သတင်းရင်းမြစ်တယောက်က ဆိုပါတယ်။
Source:Reuters










