
ဂျော်ဂျီယာနိုင်ငံမှာ ယူရေနီယမ်-၂၃၈ ကို နိုင်ငံခြားသားတယောက်ထံ ဒေါ်လာ ၇ သိန်းနဲ့ ရောင်းချဖို့ ကြံစည်ပြီး နျူကလီးယားပစ္စည်းတွေကို တရားမဝင် ကိုင်တွယ်ခဲ့တယ်လို့ သံသယရှိတဲ့ ဂျော်ဂျီယာနိုင်ငံသားတယောက်ကို နိုင်ငံတော်လုံခြုံရေးအေဂျင်စီက ဖမ်းဆီးလိုက်ပါတယ်။
အဲဒီဖမ်းဆီးမှုကို အေဂျင်စီရဲ့ ပြည်တွင်းထောက်လှမ်းရေးနဲ့ အထူးစစ်ဆင်ရေးဌာနတို့က အရာရှိတွေ ပူးပေါင်းပြီး ပူးတွဲစစ်ဆင်ရေးတရပ် အနေနဲ့ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
စုံစမ်းစစ်ဆေးရေးမှူးတွေရဲ့ အဆိုအရ သံသယရှိသူမှာ ယူရေနီယမ်-၂၃၈ ကို ပိုင်ဆိုင်ထားပြီး နိုင်ငံခြားသားကို ရောင်းချဖို့ ရည်ရွယ်ခဲ့တာဖြစ်ပေမဲ့ ပါဝင်တဲ့ ပစ္စည်းပမာဏ ဘယ်လောက်ရှိတယ် ဆိုတာနဲ့ ဝယ်ယူမယ့်သူ ဘယ်သူလဲ ဆိုတာကိုတော့ အေဂျင်စီက ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပါဘူး။
အဲဒီအမျိုးသားနဲ့ ရှေ့နေကိုယ်စားလှယ်ထံကို ချက်ချင်းဆက်သွယ်ပြီး မှတ်ချက်တောင်းခံလို့ မရသေးပါဘူး။
သံသယရှိသူကိုတော့ ဂျော်ဂျီယာ ရာဇသတ်ကြီးဥပဒေ (နျူကလီးယားပစ္စည်းတွေကို တရားမဝင် ကိုင်တွယ်မှု) အရ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပြီး ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံရနိုင်တယ်လို့ ဆိုပါတယ်။
ယူရေနီယမ်-၂၃၈ ဟာ အသုံးအများဆုံး ယူရေနီယမ် အိုင်ဆိုတုပ်တခုဖြစ်ပြီး ရေဒီယိုသတ္တိကြွပေမဲ့ ပုံမှန်အားဖြင့်တော့ နျူကလီးယားဗုံးတလုံး ဖြစ်လာအောင် သူ့ချည်းသက်သက် အသုံးမပြုနိုင်ပါဘူး။
၁၉၉၁ ခုနှစ်မှာ ဂျော်ဂျီယာနိုင်ငံ ပါဝင်ခဲ့တဲ့ ဆိုဗီယက်ပြည်ထောင်စု ပြိုကျသွားပြီးနောက်ပိုင်း နျူကလီးယားပစ္စည်းတွေရဲ့ လုံခြုံရေးဟာ အကြီးမားဆုံး စိုးရိမ်စရာတွေထဲက တခုဖြစ်လာခဲ့ပါတယ်။
မကြာသေးတဲ့ ဆယ်စုနှစ်တွေအတွင်းမှာလည်း အဲဒီလို တရားမဝင် ရောင်းဝယ်ဖောက်ကားမှုနဲ့ ပတ်သက်တဲ့ ပြင်းထန်တဲ့ ဖြစ်ရပ်တချို့ ရှိခဲ့ဖူးပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကလည်း တန်ဖိုး ဒေါ်လာ ၃ သန်းရှိတဲ့ ယူရေနီယမ်နဲ့ နျူကလီးယားလက်နက် စမ်းသပ်ရေး အစီအစဉ်တွေမှာ တွေ့ရတဲ့ ရေဒီယိုသတ္တိကြွ အိုင်ဆိုတုပ် အစုအဝေးကို ဝယ်ယူဖို့ ကြိုးပမ်းခဲ့သူ ၂ ယောက်ကို ဂျော်ဂျီယာနိုင်ငံက ဖမ်းဆီးခဲ့ဖူးပါတယ်။
Source: Reuters











