
ပြဿနာရှိနေတဲ့ သားဖြစ်သူကို ခရစ္စမတ်အတွက် ရိုင်ဖယ်တစ်လက် ပေးခဲ့တဲ့ အမျိုးသားတယောက်ဟာ ဒုတိယအဆင့် လူသတ်မှု အပါအဝင် စွဲချက် ၂၇ ခုနဲ့ မတ်လ ၃ ရက်မှာ ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။
အစုလိုက်အပြုံလိုက် ပစ်ခတ်မှုမှာ ကလေးတယောက်ရဲ့ လုပ်ရပ်တွေကြောင့် မိဘကို တရားစွဲဆိုခဲ့တဲ့ ရှားရှားပါးပါး အမေရိကန် တရားရေးအမှုလည်း ဖြစ်ပါတယ်။
အတ္တလန်တာမြို့ကနေ ကားနဲ့ တနာရီလောက် မောင်းရတဲ့ ဝင်ဒါမြို့က အာပါလာချီ အထက်တန်းကျောင်းမှာ ၂၀၂၄ ခုနှစ် စက်တင်ဘာလက ကျောင်းသား ၂ ယောက်နဲ့ ဆရာ ၂ ယောက် သေဆုံးမှုအတွက် ရာဇဝတ်မှုဆိုင်ရာ တာဝန်နဲ့ပတ်သက်ပြီး ၁၁ ရက်ကြာ ရုံးတင်စစ်ဆေးခဲ့တာပါ။
အဲဒီနောက် အသက် ၅၅ နှစ်အရွယ် ကော်လင်းဂရေးကို ပြစ်ဒဏ်ချမှတ်ဖို့ တရားသူကြီးအဖွဲ့က အချိန် ၂ နာရီ ယူခဲ့တာပါ။
တရားခံဟာ ပစ်ခတ်မှုဖြစ်ချိန်မှာ အသက် ၁၄ နှစ်အရွယ် ကောလ်ဂရေး ကို လက်နက်တပ်ဆင်ပေးခဲ့ပြီး ပြဿနာရှိနေတဲ့ ကောင်လေးကို ရိုင်ဖယ်တလက် လက်ဆောင်ပေးခဲ့တယ်လို့ တရားခွင်အတွင်း အစိုးရရှေ့နေတွေက တရားသူကြီးအဖွဲ့ကို ပြောခဲ့ပါတယ်။
သူ့သားဟာ လူသတ်မှုအပါအဝင် စွဲချက် ၅၅ ခုနဲ့ သီးခြားတရားစွဲဆိုခံရပြီး အပြစ်မရှိကြောင်း ဝန်ခံထားပေမဲ့ သေနတ်သမားဟာ သူဖြစ်တယ်ဆိုတဲ့ အချက်ကိုတော့ အငြင်းပွားစရာ မရှိပါဘူးလို့ မီဒီယာတွေမှာ သတင်းထုတ်ထားပါတယ်။
Source: Reuters








