
အီရန်နိုင်ငံရဲ့ အဓိပတိ မိုဂျ်တာဘာ ခါမေနီက အမေရိကန်နဲ့ ရေးထိုးခဲ့တဲ့ ငြိမ်းချမ်းရေး နားလည်မှု စာချွန်လွှာ (MoU)အပေါ် သူ့အနေနဲ့ သသဘောထားကွဲလွဲမှု တချို့ရှိပေမဲ့ တီဟီရန်နဲ့ ဝါရှင်တန်တို့ ကြား စစ်ပွဲအဆုံးသတ်ဖို့ အီရန်သမ္မတနဲ့ အမေရိကန်သမ္မတတို့ လက်မှတ်ရေးထိုးဖို့ ခွင့်ပြုချက် ပေးခဲ့တယ်လို့ ဇွန် ၁၈ ရက်မှာ ပြောပါတယ်။
အီရန်သမ္မတ မာဆွဒ် ပီဇက်ရှ်ကီယန်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်တို့က စစ်ပွဲ အဆုံးသတ်ရေး စာချွန်လွှာကို အွန်လိုင်းကနေ အီလက်ထရွန်နစ်စနစ်နဲ့ လက်မှတ်ရေးထိုးပြီး နာရီပိုင်းအကြာမှာပဲ၊ အီရန်အဓိပတိ ခါမေနီ က အီရန်မီဒီယာတွေကနေတဆင့် အီရန်ပြည်သူတွေဆီ ပေးပို့တဲ့ စာသားပါ သဝဏ်လွှာထဲမှာ ပြောကြားခဲ့တာပါ။
သူ့အနေနဲ့ မူအားဖြင့် သဘောထားကွဲလွဲမှု ရှိခဲ့ပေမဲ့ အီရန်နိုင်ငံရဲ့ အခွင့်အရေးတွေနဲ့ "တော်လှန်ရေးတပ်ဦး"ရဲ့ အကျိုးစီးပွားကို အပြည့်အဝ ကာကွယ်စောင့်ရှောက်ပါမယ်လို့ သမ္မတ ပီဇက်ရှ်ကီယန်နဲ့ အဆင့်မြင့်အရာရှိတွေက အာမခံခဲ့လို့ အခုလို ခွင့်ပြုပေးခဲ့တာလို့ ဆိုပါတယ်။
သမ္မတဟာ အမျိုးသားလုံခြုံရေးဆိုင်ရာ အမြင့်ဆုံးကောင်စီရဲ့ အကြီးအကဲဖြစ်တဲ့အတွက် အီရန်ရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ တာဝန်ကို ကိုယ်တိုင် လွှဲပြောင်းရယူခဲ့ပါတယ်။
ဝါရှင်တန်ဘက်က အလွန်အကျွံ တောင်းဆိုမှုတွေ လုပ်လာရင်လည်း အညံ့ခံမှာမဟုတ်ဘူးလို့ သမ္မတနဲ့ ကောင်စီအဖွဲ့ဝင်တွေက ကတိပြုထားတယ်လို့ ခါမေနီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ဒီအဆင့်ကို ရောက်လာဖို့အတွက် တာဝန်ရှိသူတွေက "ရိုးသားတဲ့ စိုးရိမ်ပူပန်မှု၊ စေတနာအမှန်တွေ" နဲ့ အင်မတန် ကြိုးစားခဲ့ကြတယ်လို့ ခါမေနီ က ပြောပါတယ်။
"ဒါပေမဲ့ တကယ်တမ်းမှာ အမေရိကန်သမ္မတကသာ အကျပ်ရိုက်ပြီး အသည်းအသန်ဖြစ်နေလို့သာ ရသမျှ နည်းလမ်းပေါင်းစုံ သုံးပြီး ဖိအားပေးခဲ့တာ" လို့ ဆိုပါတယ်။
နောက်ပိုင်းမှာ အမေရိကန်နဲ့ မျက်နှာချင်းဆိုင် လူချင်းတွေ့ပြီး ဆက်လက်ဆွေးနွေးသွားမှာ ဖြစ်ပေမဲ့ အဲဒီလိုဆွေးနွေးတာဟာ "ရန်သူ့သဘောထား" ကို လက်ခံလိုက်တာ မဟုတ်ဘူးလို့လည်း အလေးအနက် ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်က အစ္စရေးနဲ့ အမေရိကန်တို့ ပူးပေါင်းပြီး အီရန်မြို့ကြီးတွေကို တိုက်ခိုက်ခဲ့လို့ အီရန်ဘက်ကလည်း ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ဒေသတွင်းက အမေရိကန်စခန်း တွေကို ပြန်တိုက်ခိုက်ခဲ့ရာကနေ စစ်ပွဲဖြစ်ပွားခဲ့တာပါ။
အခုတော့ လက်ဘနွန်အပါအဝင် မျက်နှာစာအားလုံးမှာ စစ်ပွဲတွေ အပြီးတိုင်ရပ်စဲဖို့ အီရန်၊ အမေရိကန်နဲ့ ပါကစ္စတန်တို့ ပူးပေါင်းပြီး ဒီ MoU ကို အပြီးသတ် ချမှတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
Source:Reuters










