
“နာကျင်လောက်ဖွယ်ထိုးနှက်ချက်တွေ” ခံစားရအပြီးမှာ အမေရိကန်ဟာ အရှေ့အလယ်ပိုင်းကနေ မောင်းထုတ်ခံရမယ်လို့ အီရန်အဓိပတိခေါင်းဆောင် မို့ဂျ်တာဘာ ခါမေနီက စက်တင်ဘာ ၂၈ ရက်မှာ ပြောပါတယ်။
ဖေဖော်ဝါရီနှောင်းပိုင်း အရှေ့အလယ်ပိုင်းစစ်ပွဲ စတင်ချိန်ကတည်းက ခါမေနီကို လူမြင်ကွင်းမှာ မတွေ့ ရသေးဘဲ အခုထုတ်ပြန်ချက်ကို နိုင်ငံပိုင်ရုပ်သံက ဖော်ပြခဲ့တာပါ။
ဒီထုတ်ပြန်ချက်မှာ အမေရိကန်လို့ တိုက်ရိုက်မရည်ညွှန်းဘဲ “ရန်သူတွေ” ဟာ ဟော်မုဇ် ရေလက်ကြားကို ကာကွယ်နေသူတွေရဲ့ ထိုးနှက်မှုတွေကြောင့် အာရေဗျပင်လယ်ကို မကျော်ရဲတော့ဘူးလို့ ခါမေနီက ဆိုပါတယ်။
အာရေဗျပင်လယ်ကနေပါ သူတို့ရဲ့ တည်ရှိမှုကို မကြာခင် ဖယ်ရှားနိုင်လိမ့်မယ်လို့လည်း ခါမေနီက ပြောပါတယ်။
အမေရိကန်နဲ့ အီရန်ကြား ဟော်မုဇ်ရေလက်ကြား ထိန်းချုပ်ရေး အားပြိုင်မှု ဆက်ရှိနေပါတယ်။ စစ်ပွဲမစခင် ဟော်မုဇ်ရေလက်ကြားက ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပို့ဆောင်မှုရဲ့ ငါးပုံတပုံ လောက် ဖြတ်သန်းခဲ့တဲ့ အရေးပါတဲ့ ရေလမ်းကြောင်း ဖြစ်ပါတယ်။
စစ်ပွဲစအပြီးမှာ အီရန်က ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ခဲ့ပြီး အမေရိကန်ကလည်း အီရန်ဆိပ်ကမ်းတွေကို ပိတ်ဆို့ခဲ့ပါတယ်။
တဖက်မှာတော့ အီရန်နိုင်ငံခြားရေးဝန်ကြီး အဘားစ် အရက်ဂ် ချီက ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ဖို့ ခါမေနီ တောင်းဆိုထားတဲ့ သတ်မှတ်ချက်တွေကို အမေရိကန်နဲ့ နိုင်ငံတကာအသိုက်အဝန်း ထံ အသိပေးထားတယ်လို့ ဆိုပါတယ်။
“အမေရိကန်တွေက သဘောတူညီချက် ဒါမှမဟုတ် ငြိမ်းချမ်းတဲ့ဖြေရှင်းချက်ကို လိုချင်တယ်ဆိုရင် ကျနော်တို့က အဲဒီဖြေရှင်းချက်ကို တင်ပြထားပြီးသားပါ” လို့ အရက်ဂ်ချီ က ပြောပါတယ်။
ကာတာကြားဝင်ညှိနှိုင်းသူတွေကတဆင့် ဝါရှင်တန်ရဲ့ တုံ့ပြန်ချက်ကို စောင့်နေတယ်လို့လည်း ဆိုပါတယ်။
Source:Reuters










