ထိုင်းနိုင်ငံ ဘန်ကောက်အနီး နွန်ထပူရီခရိုင်၊ ဘန်ကလွေးမြို့ရှိ ထိပ်ဆီရီထွဏ်း အထက်တန်းကျောင်းမှာ ဩဂုတ် ၇ ရက် ဒီမနက် ၁၀ နာရီလောက်က ပစ်ခတ်မှုဖြစ်ပွါးခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ပစ်ခတ်မှုကြောင့် ဆရာ၊ ဆရာမနဲ့ ကျောင်းသူ၊ ကျောင်းသား ၂၀ နီးပါး ထိခိုက်ဒဏ်ရာရခဲ့ကာ ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်လာပြီး ဒဏ်ရာရသူတွေကို နီးစပ်ရာဆေးရုံ ပို့ခဲ့ပေမဲ့ ဆရာမ ၂ ယောက်မှာ သေဆုံသွားခဲ့တယ်လို့ ဆိုပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ကျောင်းဝင်းကို ပိတ်ဆို့ပြီး သေနတ်သမားကို ဝိုင်းဝန်းဖမ်းဆီးဖို့ ကြိုးစားနေတယ်။
မနက် ၁၀ နာရီခွဲလောက်မှာတော့ သေနတ်သမား သေဆုံးသွားပါတယ်။ သေနတ်သမားဟာ အဲဒီကျောင်းက အထက်တန်းကျောင်းသားတယောက်ဖြစ်ပြီး သေဆုံးရတဲ့အကြောင်းကိုတော့ သက်ဆိုင်ရာက စစ်ဆေးနေဆဲပဲလို့ ဆိုပါတယ်။
လူမှုကွန်ရက်သတင်းတွေမှာတော့ သေနတ်သမား ကျောင်းသားက သူ့ကိုယ်သူပြန်ပစ်ပြီး သေဆုံးတယ်လို့ ဆိုပါတယ်။
လောလောဆယ် ပုန်းအောင်းနေတဲ့ ဆရာနဲ့ ကျောင်းသားတွေကိုလည်း ကယ်ဆယ်ရေးအဖွဲ့က ပြင်ပကို ခေါ်ထုတ်လာပြီလို့ ထိုင်းပီဘီအက်စ်သတင်းမှာ ဖော်ပြပါတယ်။
Source: Thai PBS News










