
မြန်မာနိုင်ငံဘက်မှာ တိုက်ပွဲတွေဖြစ်ပြီး ထိုင်းမြေပေါ်ကို ကျည်တွေ ကျရောက်မှုတွေကြောင့် ထိုင်းပြည်သူတွေရဲ့ အသက်အန္တရာယ် လုံခြုံရေးနဲ့ အိုးအိမ်ပျက်စီးမှုတွေအတွက် တာဝန်ယူလုပ်ဆောင်ပေးဖို့ အောက်တိုဘာ ၂၇ ရက်မှာ ထိုင်းပြည်သူတွေက ဆန္ဒပြခဲ့ကြပါတယ်။
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် မင်းလက်ပံရွာနဲ့ ဖလူးကြီးရွာဘက်မှာ စစ်အာဏာရှင်တပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲ ပြင်းထန်နေတာကြောင့် စစ်တပ်ကပစ်ခတ်တဲ့ လက်နက်ကြီးကျည်နဲ့ လက်နက်ငယ်ကျည်တွေဟာ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့၊ မဲ့ကုကင်းရွာဘက်ကို ကျရောက်ပေါက်ကွဲခဲ့တာပါ။
တိုက်ပွဲဖြစ်ပွားတာ အရင်ကတည်းကရှိခဲ့တာ လက်ခံနိုင်ပေမဲ့ လက်နက်ကြီးကျည်တချို့ဟာ ထိုင်းပြည်သူတွေရဲ့ အိမ်ခေါင်မိုးပေါ်ကို ကျရောက်ပေါက်ကွဲတာကြောင့် အိုးအိမ်နဲ့ အသက်လုံခြုံရေးအတွက် ရေရှည်မှာ ပြဿနာဖြစ်လာနိုင်တယ်လို့ ဆန္ဒထုတ်ဖော်ပွဲမှာ ပါဝင်တဲ့ ထိုင်းအမျိုးသမီးတယောက်က ပြောပါတယ်။
အိမ်ခေါင်မိုး ပျက်စီးသွားခဲ့တဲ့ ထိုင်းရွာသားတယောက်ကလည်း “တိုက်ပွဲကတော့ နေ့တိုင်းပဲ ရှိမယ်ထင်တယ်။ ဖြစ်တာနဲ့ ကျနော်တို့ မဲ့ကုကင်းရွာထဲမှာပဲ ကျည်စအငယ် မဟုတ်ရင် လက်နက်ကြီးကျည် ကျတာပဲ။ သူတို့ကျည်က ကြီးမယ်ထင်တယ်၊ မြေပါတုန်လှုပ်တယ်။ အိမ်ပေါ်မှာတောင် မနေရဲဘူး၊ အောက်ကိုဆင်းပြေးလာပြီး ပုန်းအောင်းနေရတယ်” လို့ ပြောပါတယ်။
မြဝတီတောင်ဘက်၊ မြန်မာ-ထိုင်းနယ်စပ် သောင်ရင်းမြစ်ကမ်းစပ်မှာရှိတဲ့ မင်းလက်ပံရွာ၊ ဖလူးကြီးရွာ၊ ရသေ့ဂူရွာ၊ ထီးမဲ့ဝါးခီးရွာ၊ လေးကေ့ကော်ရွာ၊ ဖလူးလေးရွာနဲ့ ထိုသားများရွာတို့က ဒေသခံတွေဟာ ရွာလုံးကျွတ် စစ်ဘေးရှောင် ထွက်ပြေးနေကြရပါတယ်။
အခုဆန္ဒထုတ်ဖော်ပွဲ ဖြစ်ပွားခဲ့တဲ့ မဲ့ကုကင်းရွာက သောင်ရင်းမြစ်ကမ်းစပ်မှာ နေထိုင်သူတွေဟာလည်း လုံခြုံတဲ့နေရာနဲ့ အဆွေမျိုးသားချင်းတွေ ရှိတဲ့နေရာတွေကို ပြောင်းရွှေ့ နေထိုင်တာတွေ ရှိနေပြီး၊ မဲ့ကုကင်းရွာက မြန်မာရွှေ့ပြောင်းစာသင်တဲ့ နေရာတွေကိုလည်း ယာယီပိတ်ထားရပါတယ်။











