DVB Logo
Home
မြန်မာသတင်း
ပွင့်လင်းရာသီ၌ စစ်တပ် လေကြောင်းတိုက်ခိုက်မှု ပိုများလာနိုင်
DVB
·
October 15, 2026
Photo : DSINFO
Photo : DSINFO
Donate to DVB

စက်တင်ဘာလအတွင်းမှာ‌ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ် ၁၇၅ ကြိမ်နဲ့ အကြိမ်ရေ ၆၅၀ အထိ ရှိခဲ့ပြီး ပြီးခဲ့တဲ့ ဩဂုတ်လထက် သိသိသာသာ မြင့်တက်လာတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) က ထုတ်ပြန်ပါတယ်။

လေကြောင်းတိုက်ခိုက်မှုကိုပဲ အားကိုးနေရတဲ့ စစ်အာဏာရှင်တပ်ဟာ လာမဲ့ ပွင့်လင်းရာသီမှာလည်း လေကြောင်းတိုက်ခိုက်မှုကို ပိုပြီး အရှိန်မြှင့် လုပ်ဆောင်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

စက်တင်ဘာလအတွင်းမှာ စစ်အာဏာရှင်တပ်က မြန်မာနိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ် ၁၇၅ ကြိမ်နဲ့ အကြိမ်ရေ ၆၅၀ အထိ ရှိခဲ့တယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) က အောက်တိုဘာ ၁၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေမှာ စစ်ရေးအရ အရေးပါတဲ့နေရာတွေကို ဦးတည်သလို အရပ်သား ပြည်သူတွေ နေထိုင်ရာ ဒေသတွေကိုလည်း ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့တာကို တွေ့ရတယ်လို့ ဆိုပါတယ်။

ဒီစက်တင်ဘာလအတွင်းမှာတော့ လေကြောင်းတိုက်ခိုက်မှု ဗျူဟာအသစ်ဖြစ်တဲ့ ထပ်ခါတလဲလဲ ဗုံးကြဲတာ၊ Suicide Drone နည်းပညာအသစ်တွေ အသုံးပြုလာတာ၊ အရပ်သားပစ်မှတ်တွေကို ပိုပြီးတိုက်ခိုက်တာနဲ့ ဗုံးကြဲနေကျမဟုတ်တဲ့ လေယာဉ်အမျိုးအစားအသစ်တွေနဲ့ ဗုံးအမျိုးအစား ၉၀၀ ကျော် အသုံးပြုခဲ့တာကို တွေ့ရတယ်လို့ ဆိုပါတယ်။

MDSI က CDM ဗိုလ်မှူးနောင်ရိုးက “တနိုင်ငံလုံး လေကြောင်း ဗုံးကြဲတိုက်ခိုက်တဲ့ အရေအတွက်က လျော့ကျလာတာနဲ့အမျှ စစ်လေယာဉ်တွေကို အတွဲလိုက် ပေါင်းစပ်အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်တာ များလာတယ်။ စစ်ရေးပစ်မှတ်တွေဆိုရင် လေကြောင်းဖြစ်စဉ်တခုတည်းမှာပဲ အကြိမ်ကြိမ် ဂျက်တိုက်လေယာဉ် အမျိုးအစားအစုံ၊ မတူညီတဲ့ စစ်လေယာဉ်အမျိုးအစားအစုံနဲ့ တိုက်ခိုက် လာတာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့လထဲမှာ ကချင်ပြည်နယ်ဘက်က စစ်မျက်နှာပြင် တွေမှာဆိုရင် မတူညီတဲ့ အလွှာအလိုက်ကို ဗုံးကြဲတိုက်ခိုက်တာမျိုး တွေ့ရတယ်။ စစ်ရေးပြင်းထန်တဲ့ နေရာတွေမှာဆိုရင် ဂျက်တိုက်လေယာဉ် ၂ စင်း ၃ စင်းနဲ့ သူတို့ စစ်ရေးပစ်မှတ်တွေတိုင်းကို လိုက်ပြီးတော့ ဗုံးကြဲတိုက်ခိုက်တာရှိတယ်” လို့ ပြောပါတယ်။ 

ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာ ရခိုင်ပြည်နယ်ဟာ လေကြောင်းတိုက်ခိုက်မှု အများဆုံးခံရပြီး တိုက်ခိုက်မှု အကြိမ်ရေ ၁၃၆ ကြိမ်မှာ သေဆုံးသူ ၆၂ ယောက်၊ ဒဏ်ရာရသူ ၈၂ ယောက် ရှိတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းမှာတော့ တိုက်ခိုက်မှု ၅၄ ကြိမ်မှာ သေဆုံးသူ ၄၁ ယောက်၊ ဒဏ်ရာရသူ အယောက် ၆၀ ရှိပါတယ်။ မကွေးတိုင်း တိုက်ခိုက်မှု ၃၈ ကြိမ်၊ ကရင်နီပြည်နယ်မှာတော့ တိုက်ခိုက်မှု ၃၂ ကြိမ် ရှိခဲ့ပါတယ်။ ကချင်ပြည်နယ်မှာတော့ ဖြစ်စဉ် ၃၂ ခုရှိခဲ့ပြီး တိုက်ခိုက်မှုအကြိမ်ရေ ၃၁၂ ကြိမ်အထိ ရှိခဲ့ပါတယ်။

တိုက်ခိုက်မှုတခုစီတိုင်းမှာ ဗုံးအလုံးရေ အများအပြား အသုံးပြုခဲ့ပြီး စစ်ကိုင်းနဲ့ မကွေးမှာတော့ ကျေးရွာတွေနဲ့ စစ်ဘေးရှောင်စခန်းပါမကျန် ပစ်မှတ်ထား တိုက်ခိုက်တာ များတယ်လို့ ဆိုပါတယ်။

စစ်အာဏာရှင်တပ်က လေကြောင်းတိုက်ခိုက်မှုတွေမှာ အရှိန်မြင့်လာတာကို ကြည့်ချင်းအားဖြင့် လာမဲ့ ပွင့်လင်းရာသီမှာ လေကြောင်းတိုက်ခိုက်မှုတွေကို ပိုပြီးပြုလုပ်လာနိုင်တယ်လို့လည်း MDSI က သုံးသပ်ပါတယ်။

စက်တင်ဘာလမှာ နိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ များခဲ့ရုံတင်မကပါဘူး၊ အောက်တိုဘာလ အစောပိုင်းမှာတော့ စစ်ကိုင်းတိုင်းကို လေကြောင်းတိုက်ခိုက်မှု အရှိန်မြှင့် လုပ်ဆောင်လာတာ တွေ့ရတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ဒီအခြေအနေတွေကြောင့် လေကြောင်းရန်ကာကွယ်ဖို့အတွက် ပြည်သူတွေကို လေကြောင်းသတင်း ပေးတဲ့ အခြေအနေကို အရင်ထက်ပိုပြီး ဂရုစိုက် လုပ်ဆောင်နေရတယ်လို့ စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ပကဖ ဆက်သွယ်ရေးတာဝန်ခံက ပြောပြပါတယ်။

“လေကြောင်းရန်ကာကွယ်ရေးအတွက်ကတော့ တံတားဦးကဖြစ်ဖြစ်၊ မိတ္ထီလာ ရှမ်းတဲကဖြစ်ဖြစ်၊ မကွေးကဖြစ်ဖြစ် လေယာဉ်တက်လာပြီဆိုရင် အိုင်ကွန်ခေါ် စကားပြောစက်တွေနဲ့ ဖြန့်ချိ ပေးနေတယ်။ နမခကလည်း ပါရာမော်တာ ဂျိုင်ရိုကော်ပတာ လာတဲ့အခါမျိုး ဖြတ်သန်း လမ်းကြောင်း ပတ်ထောက်ပြီးတော့ သတင်းဖြန့်နေရတယ်။ နောက်တခုက တယ်လီဂရမ် ချန်နယ် တွေကနေပြီးတော့လည်း သတင်းဖြန့်ရတယ်။ တချို့ရွာတွေဆို ကျေးရွာပကဖတွေ ဦးဆောင်ပြီး တော့ ကျနော်တို့ပို့လိုက်တဲ့ သတင်းကို မူတည်ပြီးတော့ သူတို့ကြားကြားချင်း လော်စပီကာနဲ့ အော်ပေးတာတို့ မောင်းထုတာတို့ အဲလိုတော့ လုပ်နေရတယ်။”

စက်တင်ဘာလအတွင်း လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူနေအိမ်ခြေ ၁၅၀ ကျော် ပျက်စီးဆုံးရှုံးခဲ့သလို စာသင်ကျောင်း၊ ဘာသာရေးကျောင်း၊ စစ်ဘေးရှောင်စခန်းတွေနဲ့ လမ်း၊ တံတားတွေလည်း ပျက်စီးခဲ့ပြီး သတင်းရရှိမှု အကန့်အသတ်အရ မြေပြင်အခြေအနေမှာ ထိခိုက် ပျက်စီးမှု ပမာဏာက အခုထက် အများကြီး ပိုနိုင်တယ်လို့ MDSI က ဆိုထားပါတယ်။

သီရိ

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013