
ဒုတပ်ချုပ်နေရာကို လက်လွှတ်လိုက်ရတဲ့ ဒုစစ်ခေါင်းဆောင် ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းကို နိုင်ငံတော်အတိုင်ပင်ခံကောင်စီဥက္ကဋ္ဌအဖြစ် ခန့်အပ်ကြောင်း စစ်ကောင်စီက ဧပြီ ၁၀ ရက် ဒီနေ့ ထုတ်ပြန်ကြေညာပါတယ်။
ပြည်ထောင်စုလုံခြုံရေး တရားဥပဒေစိုးမိုးရေးကိစ္စတွေ၊ နိုင်ငံတကာဆက်ဆံရေး၊ ငြိမ်းချမ်းရေး၊ ဥပဒေပြဋ္ဌာန်းရေးဆိုင်ရာကိစ္စတွေမှာ အကြံပေးညှိနှိုင်းဆောင်ရွက်နိုင်ဖို့အတွက် အခုလို ခန့်အပ်တာဝန်ပေးတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါဟာ တပ်ချုပ်လည်းဖြစ်မလာ ဒုတပ်ချုပ်နေရာပါ စွန့်လွှတ်လိုက်ရတဲ့ စိုးဝင်းကို နှစ်သိမ့် ချွေးသိပ်တာဖြစ်ပြီး အဆိုပါအဖွဲ့ဟာ စစ်ကောင်စီလက်ထက်က အကြံပေးအဖွဲ့ ပုံစံမျိုးဖြစ်ကြောင်း နေပြည်တော်သတင်းရင်းမြစ်က DVB ကို ပြောပါတယ်။
"အဖွဲ့အစည်းအကုန်က မင်းအောင်လှိုင်လက်အောက်မှာဆိုတော့ နိုင်ငံတော်အတိုင်ပင်ခံကောင်စီ ဆိုတာလည်း ဘာအာဏာမှမရှိဘူး အကြံပေးတော့ရော မင်းအောင်လှိုင်က လက်ခံမယ်ထင်လား၊ အာဏာသိမ်းတုန်းက ဖွဲ့လိုက်တဲ့ နိုင်ငံတော်အကြံပေးအဖွဲ့ပုံစံမျိုးပေါ့ ပြောရရင် ဒုချုပ်ကို နှစ်သိမ့်တဲ့ သဘောနဲ့ နေရာပေးတာ။”
အလားတူ ကာကွယ်ရေးဝန်ကြီးနေရာကနေ ဖယ်ရှားခံခဲ့ရတဲ့ ဗိုလ်ချုပ်ကြီး မောင်မောင်အေးကိုလည်း နိုင်ငံတော်အတိုင်ပင်ခံကောင်စီမှာ အတွင်းရေးမှူးနေရာ ပေးခဲ့ပါတယ်။
ကာကွယ်ရေးဝန်ကြီးနေရာကိုတော့ လေတပ်ဗိုလ်ချုပ်ကြီးထွန်းအောင်ကို စစ်ခေါင်းဆောင်က အစိုးရသစ်အဖွဲ့မှာ ခန့်ထားလိုက်ပါတယ်။
မတ် ၃၀ ရက်က အာဏာသိမ်းစစ်ခေါင်းဆောင်က ကာကွယ်ရေးဦးစီးချုပ်နေရာကို ဗိုလ်ချုပ်ကြီးရဲဝင်းဦးထံ လွှဲပေးခဲ့ပြီး ဒုချုပ်နေရာကို ဗိုလ်ချုပ်ကြီးကျော်စွာလင်းကို ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက လွှဲပေးခဲ့ရတာ ဖြစ်ပါတယ်။
၁၁ ဦးပါ နိုင်ငံတော် အတိုင်ပင်ခံကောင်စီအဖွဲ့မှာ ကောင်စီဝင်တွေအဖြစ် ဦးသန်းဆွေ၊ ဦးကိုကိုလှိုင်၊ ဦးမိုးအောင်၊ ဒေါက်တာ ရင်ရင်နွယ်၊ ဒေါ်ချိုချိုကျော်ငြိမ်း၊ ဦးကိုကိုကြီး၊ မန်းငြိမ်းမောင်၊ ဒေါ်ဒွဲဘူနဲ့ ဦးဇော်အေးမောင်တို့လည်း ပါဝင်ပါတယ်။











