
မဟာဗျူဟာမြောက် စီမံကိန်းတွေရှိတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းကို မထိခိုက်စေဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တွေကို ထိထိရောက်ရောက် နှိမ်နင်းဖို့လိုကြောင်း စစ်အာဏာရှင်တပ်ရဲ့ ဒုတပ်ချုပ် ဗိုလ်ချုပ်ကြီးကျော်စွာလင်းက ပြောပါတယ်။
ဇွန် ၂၄ ရက် မနက်က ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်ကို ရောက်နေတဲ့ ဒုစစ်ခေါင်းဆောင်ဟာ မြိတ်တပ်နယ်နဲ့ ကျွန်းစုမြို့ရှိ နယ်မြေခံတပ်တွေကို သီးခြားတွေ့ဆုံပြီး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ခြေလျင်၊ ခြေမြန်တပ်တွေ အနေနဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းကဲ့သို့ မဟာဗျူဟာမြောက် စီမံကိန်းတွေကို မထိခိုက်စေဖို့အတွက် ရေး-ထားဝယ်-မြိတ်-ဘုတ်ပြင်း-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးတွေမှာ လှုပ်ရှားနေတဲ့ PDF တွေကို ထိထိရောက်ရောက် နှိမ်နင်းဖို့လိုကြောင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် တိုက်ပွဲဖြစ်လာပါက တိုက်ခိုက်ရေး၊ လက်ရုံးတပ် ခွဲခြားမနေဘဲ ပူးပေါင်း တိုက်ခိုက်ကြရန်နဲ့ တိုက်ပွဲစွမ်းရည်ကို မြှင့်တင်ဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အားကောင်းတဲ့ တနင်္သာရီတိုင်းကို စစ်ခေါင်းဆောင်အသစ်တွေက စစ်ကြောင်းထိုးဖို့အတွက် နယ်မြေခံတပ်တွေကို ဖိအားပေးလာတာလို့ စစ်ရေးသတင်းရင်းမြစ်က DVB ကို ပြောပါတယ်။
“မောတောင် ကျသွားတဲ့ဖြစ်စဥ်ကို နမူနာယူပြီး အာဏာရလာတဲ့ စစ်ခေါင်းဆောင်အသစ်တွေက တနင်္သာရီတိုင်းကို စစ်ဆင်ရေးနဲ့ စစ်ကြောင်းထိုးဖို့ နယ်မြေခံတပ်တွေကို ဖိအားနဲ့ အမိန့်ပေးတဲ့ ပုံစံမျိုးပါ။ ဒီပုံစံတိုင်းဆို ပြည်သူတွေ စစ်ဘေးရှောင်ရတဲ့ အဖြစ်နဲ့ ကြုံရဦးမယ်။”
တနင်္သာရီတိုင်းမှာ ထားဝယ်၊ လောင်းလုံး၊ သရက်ချောင်း၊ ရေဖြူ၊မြိတ်၊ ကျွန်းစု၊ ပုလော၊ တနင်္သာရီ၊ ကော့သောင်း၊ ခမောက်ကြီး၊ ဘုတ်ပြင်း စတဲ့ မြို့နယ် ၁၀ မြို့နယ်နဲ့ မြို့တမြို့သာရှိပြီး အများစုမှာ PDF အားကောင်းတဲ့ မြို့နယ်တွေ ဖြစ်ပါတယ်။
ခြေလျင်၊ ခြေမြန် တပ်ရင်းပေါင်း ၃၀ ကျော်ရှိပေမဲ့ ကမ်းရိုးတန်းစစ်ဌာနချုပ်က တနင်္သာရီတိုင်းမှာ အုပ်ချုပ်ယန္တရား အပြည့်အဝ တည်ဆောက်နိုင်တာ မရှိပါဘူး။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၄ ရက်က ထိုင်း-မြန်မာနယ်စပ်ရှိ မောတောင်မြို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ၆ လအကြာမှ စစ်တပ်က ပြန်ရခဲ့တာကြောင့် နောက်တက်လာတဲ့ စစ်ခေါင်းဆောင်အသစ်တွေက တနင်္သာရီတိုင်းကို စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။










