
စစ်အာဏာရှင်ရဲ့ ဖမ်းဆီးအကျဉ်းချတာခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး ဘာသတင်းအစအနမှ မရခဲ့ဘူးလို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြပါတယ်။
မြန်မာနှစ်သစ်ကူး နှစ်ဆန်း ၁ ရက်နေ့ မနေ့က အကျဉ်းသား ၄,၃၀၀ ကျော်ကို စစ်အုပ်စုက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြစ်ဒဏ်လျှော့ပေါ့ ခွင့်ပေးရာမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ပြစ်ဒဏ်လျှော့ပေးပြီး နေအိမ်အကျယ်ချုပ်နဲ့ ပြောင်းထားမယ်လို့ သတင်းတွေ ထွက်ခဲ့ တာပါ။
ဒါပေမဲ့ ဒီနေ့အထိ နေပြည်တော်ကအိမ်ကိုရော ရန်ကုန်ကအိမ်ကိုပါ ပြန်ရောက်မလာဘူးလို့ သိရပါတယ်။
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးပြီး အမှု ၁၉ မှုနဲ့ ထောင်ဒဏ် ၃၃ နှစ်ချမှတ်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ လျှော့ရက်တွေနဲ့ ၂၇ နှစ် ကျန်ရစ်ပါတယ်။
စစ်ကောင်စီက ဖမ်ဆီးထားတဲ့ စုစုပေါင်းအချိန် ၅ နှစ်နီးပါးကာလအတွင်း ဒေါ်အောင်ဆန်းစုကြည် ကို နေပြည်တော်အချုပ်ထောင်အပါအဝင် နေရာအများအပြားကို ပြောင်းရွှေ့ထားခဲ့ပြီး ဘာသတင်းမှ အတည်ပြု ထုတ်ပြန်တာ မရှိတော့ပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၂ ခု ဒီဇင်ဘာလမှာ ရှေ့နေအဖွဲ့နဲ့ နောက်ဆုံးတွေ့ခွင့်ရခဲ့ပြီး အဲဒီနောက်ပိုင်း ၃ နှစ်နီးပါးအကြာ လက်ရှိအချိန်အထိ စစ်ကောင်စီက ပြင်ပနဲ့ အဆက်အသွယ် ဖြတ်ထားခဲ့တာပါ။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ လုံးဝမရတော့တာကြောင့် အသက်ရှင်လျက်ရှိတာ မသေချာတော့ဘူးလို့ သားဖြစ်သူ ကိုထိန်လင်း (ခ) ကင်မ်အဲရစ်က ဒီဇင်ဘာ ၁၄ ရက်မှာ ရိုက်တာသတင်းဌာနကို ပြောဆိုခဲ့ပါတယ်။











