
စစ်တပ်အာဏာသိမ်းကတည်းက အဓမ္မဖမ်းဆီး အကျဉ်းချခံထားရတဲ့ ပြည်သူ ရွေးကောက်တင်မြှောက်ခံ သမ္မတကြီး ဦးဝင်းမြင့်ကို ဧပြီ ၁၇ ရက် မနက်မှာ တောင်ငူအကျဉ်းထောင်ကနေ လွတ်ငြိမ်းခွင့်ပေးလိုက်တယ်လို့ စစ်အာဏာရှင် မင်းအောင်လှိုင်က သီးခြား အမိန့်ထုတ်ပြန်ပါတယ်။
မြန်မာနှစ်သစ်ကူးအထိမ်းအမှတ် စစ်အာဏာရှင်က အကျဉ်းသား ၄,၃၀၀ ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးတာမှာ သမ္မတကြီး ဦးဝင်းမြင့်လည်း ပါဝင်လာတာ ဖြစ်ပါတယ်။
တောင်ငူအကျဉ်းထောင်မှာ ပြစ်ဒဏ်ကျခံရတဲ့ အကျဉ်းသား ဦးဝင်းမြင့်ကို ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ နောက်တကြိမ် ပြစ်မှုထပ်မံကျူးလွန်ရင် ကျန်တဲ့ပြစ်ဒဏ်တွေ ဆက်လက်ကျခံရမယ်ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်နဲ့ ကျန်တဲ့ ပြစ်ဒဏ်တွေကို လျှော့ပေါ့ပြီး လွတ်ငြိမ်းခွင့်ပြုလိုက်တာလို့ ဒီကနေ့ စစ်အာဏာရှင် မင်းအောင်လှိုင်ရဲ့ သီးခြား အမိန့်ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
သမ္မတ ဦးဝင်းမြင့်ဟာ အကျဉ်းထောင်ကနေ လွတ်မြောက်လာပြီးနောက် မိသားစုထံ ပြန်ရောက်နေပြီလို့လည်း သိရပါတယ်။
ပြည်ထောင်စုမြန်မာနိုင်ငံတော်ရဲ့ ၁၀ ယောက်မြောက် နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်ဟာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ချိန်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တခြားခေါင်းဆောင်တွေနဲ့အတူ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာပါ။
ဦးဝင်းမြင့်ကို ၂၀၂၁ ဒီဇင်ဘာလမှာ ပုဒ်မ ၅၀၅(ခ) နဲ့ ထောင်ဒဏ် ၂ နှစ်နဲ့ သဘာဝဘေးစီမံခန့်ခွဲရေး ဥပဒေနဲ့ ထောင်ဒဏ် ၂ နှစ် စုစုပေါင်း ၄ နှစ် ချမှတ်ခဲ့ပြီး နောက်ပိုင်းမှာ ထောင် ၂ နှစ်ကို ပြန်လျှော့ပေါ့ပေးခဲ့ပါတယ်။
ဒီနောက် ၂၀၂၂ စက်တင်ဘာမှာ ရွေးကောက်ပွဲမသမာမှု စွပ်စွဲချက်နဲ့ ထောင်ဒဏ် ၃ နှစ်၊ ဒီဇင်ဘာလမှာ ရဟတ်ယာဉ်ဝယ်ယူ၊ ငှားရမ်းတဲ့ကိစ္စနဲ့ ပတ်သက်လို့ အဂတိအမှု ၅ မှုနဲ့ စွပ်စွဲပြီး ထောင်ဒဏ် ၇ နှစ် စုစုပေါင်း ထောင်ဒဏ် ၁၂ နှစ်အထိ ချမှတ်ခံခဲ့ရတာပါ။
ဒီနောက် နေပြည်တော်ရှိ သီးခြားနေရာတခုမှာ ချုပ်နှောင်ထားရာကနေ ၂၀၂၃ ဇန်နဝါရီ ၁၄ ရက်မှာ ဦးဝင်းမြင့်ကို တောင်ငူအကျဉ်းထောင်ကို ပြောင်းရွှေ့အကျဉ်းချခဲ့ပါတယ်။
၂၀၂၃ ဩဂုတ်လမှာတော့ ဦးဝင်းမြင့်အပေါ် ချမှတ်ခဲ့တဲ့ ပြစ်ဒဏ်တွေထဲက တချို့ကို လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ပြီး အခု ဧပြီ ၁၇ ရက် မြန်မာနှစ်သစ်ကူးမှာတော့ လက်ကျန်ပြစ်ဒဏ်တွေကို လျှော့ပေးပြီး ပြန်လွတ်လာတာပါ။
စစ်တပ်အာဏာသိမ်းတဲ့နေ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် မနက်မှာ သမ္မတ ဦးဝင်းမြင့်ကို ကျန်းမာရေးအကြောင်းပြ နုတ်ထွက်ပေးဖို့ စစ်တပ်က သူ့ရဲ့ သမ္မတအိမ်တော်မှာ လာပြောရာမှာ နုတ်ထွက်မပေးနိုင်ဘူးလို့ ပြန်ဖြေတဲ့အတွက် နုတ်မထွက်ပေးရင် ပုဂ္ဂိုလ်ရေးအရ ထိခိုက်မှု ရှိနိုင်တယ်လို့ ဆိုပြီး စစ်ဗိုလ်ချုပ်တွေရဲ့ ခြိမ်းခြောက်ခံခဲ့ရတာပါ။
''၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁ ရက် မနက် ၅ နာရီ ဦးဝင်းမြင့် အခန်းထဲကို ဗိုလ်ချုပ်ကြီး ၂ ဦး ဝင်လာတယ်။ ကျန်းမာရေး အကြောင်းပြပြီး နုတ်ထွက်ပေးဖို့ ပြောတယ်။ အဲဒီတော့ သူက ကျန်းမာရေးကောင်းတဲ့အတွက် နုတ်ထွက်မပေးနိုင်ဘူးလို့ ပြောခဲ့တယ်။ အဲဒီလို ပြန်ပြောတဲ့အခါမှာ ပုဂ္ဂိုလ်ရေးထိခိုက်မှု ရှိနိုင်တယ်ဆိုပြီး သူ့ကို ပြောတယ်။ ဦးဝင်းမြင့်ကလည်း ပုဂ္ဂိုလ်ရေးအရ ထိခိုက်မယ်ဆိုလည်း မတတ်နိုင်ဘူး၊ မင်းတို့ ငါ့ကို သတ်ရင်သတ်လို့ ပြောခဲ့တယ်” လို့ သမ္မတကြီး ဦးဝင်းမြင့်ရဲ့ ရှေ့နေတွေက သတင်းဌာနတွေကို ပြန်ပြောပြခဲ့ပါတယ်။
ဦးဝင်းမြင့်ဟာ နိုင်ငံရေးအကျဉ်းသားဟောင်းတယောက်လည်းဖြစ်ပြီး ၁၉၈၈ လူထုအရေးတော်ပုံမှာ ပါဝင်ခဲ့မှုနဲ့ ဖမ်းဆီးခံခဲ့ရကာ ၁၉၉၀ ရွေးကောက်ပွဲမတိုင်ခင် ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။
ဦးဝင်းမြင့်ဟာ ၁၉၉၀ အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ ရွေးကောက်ပွဲနဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေ အားလုံးမှာ အနိုင်ရပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရသူ ဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တာဝန်ကိုတော့ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၁၈ ခုနှစ် မတ်လ ၂၁ ရက်အထိ ထမ်းဆောင်ခဲ့ပါတယ်။
၂၀၁၈ မတ် ၂၁ ရက်က သမ္မတ ဦးထင်ကျော် တာဝန်ကနေ နုတ်ထွက်တဲ့နေ့မှာပဲ ဦးဝင်းမြင့်ဟာလည်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တာဝန်ကနေ နုတ်ထွက်ခဲ့တာပါ။ ၂၀၁၈ မတ်လ ၂၈ ရက်မှာတော့ ဦးဝင်းမြင့်ကို ပြည်ထောင်စုလွှတ်တော်ကနေ နိုင်ငံတော်သမ္မတအဖြစ် မဲအများစုနဲ့ ရွေးချယ်တင်မြှောက်ခဲ့ပါတယ်။
သမ္မတကြီး ဦးဝင်းမြင့်ကို မြန်မာပြည်သူတွေနဲ့ တော်လှန်ရေးအင်အားစုတွေသာမက ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုက်အဝန်းကပါ လက်ရှိ မြန်မာနိုင်ငံရဲ့ ပြည်သူရွေးကောက်တင်မြှောက်ခံ သမ္မတအဖြစ် တရားဝင် အသိအမှတ်ပြုထားဆဲ ဖြစ်ပါတယ်။










