
ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ စက်မှုဇုန် ၁၊ ကနောင်မင်းသားလမ်းမှာရှိတဲ့ အာရှနဂါးအထည်ချုပ်စက်ရုံကို ဧပြီ ၄ ရက် မနက် ၁၁ နာရီကျော်မှာ အမျိုးသား ၂ ယောက်က သေနတ်ပြ ဓားပြတိုက်ခဲ့တာမှာ ကျပ် သိန်း ၂,၀၀၀ လောက် ပါသွားတယ်လို့ စက်ရုံ အလုပ်သမားတွေဆီက သိရပါတယ်။
မနေ့ မနက် ၁၁ နာရီကျော်က ပြောက်ကျားစစ်ဝတ်စုံ ဝတ်ထားတဲ့ အမျိုးသား ၂ ယောက်က စက်ရုံအနောက်ပေါက်ကနေ ဝင်လာပြီး လုံခြုံရေးဝန်ထမ်းကို သေနတ်နဲ့ချိန်ကာ စက်ရုံရုံးခန်းကို လိုက်ပို့ခိုင်းပြီး လစာပေးမဲ့ ငွေတွေကို ယူဆောင်သွားတာလို့ စက်ရုံဝန်ထမ်းတယောက်က DVB ကို ပြောပါတယ်။
“ထမင်းစားဆင်းတဲ့အချိန် ဖြစ်သွားတာ။ စက်ရုံအနောက်ပေါက်က ဝင်လာပြီး လုံခြုံရေးကို သေနတ်နဲ့ချိန်ပြီး ရုံးခန်းကို လိုက်ပို့ခိုင်းတယ်။ ရုံးခန်းရောက်တော့ စာရေးဝန်ထမ်းတွေကို ခေါင်းငုံ့ ခိုင်းထားပြီး လစာပေးမဲ့ ငွေတွေယူသွားတာ သိန်းထောင်ချီတယ်။”
ပြောက်ကျားဝတ်စုံဝတ် Mask တပ်ထားတဲ့ ဓားပြ ၂ ယောက်ဟာ သေနတ်နဲ့ ခြိမ်းခြောက် ဓားပြတိုက်ပြီးနောက် ငွေကျပ်သိန်း ၁၉၅၀ ကို ယူဆောင်ပြီး ဆိုင်ကယ်နဲ့ ထွက်ပြေး လွတ်မြောက်သွားတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
“လုံခြုံရေးကလည်း ပြောက်ကျားစစ်ဝတ်စုံရယ်၊ သေနတ်လည်း ပါတော့ စစ်တပ်က စက်ရုံ လာစစ်တယ် ထင်ပြီး တံခါးဖွင့်ပေးလိုက်တာ။ စက်ရုံထဲရောက်မှ သေနတ်နဲ့ချိန်ပြီး ရုံးခန်းကို လိုက်ပို့ခိုင်းတာ။ လစာပေးမဲ့ ငွေကျပ် သိန်း ၁,၉၅၀ ပါသွားတယ်။ လုသွားတဲ့သူတွေကိုတော့ အခုချိန်ထိ မမိဘူး။”
လုယက်သွားသူကို မမိပေမဲ့ စစ်ကောင်စီ လက်အောက်ခံရဲတွေက စက်ရုံဝန်ထမ်းတချို့ကို စစ်ဆေးနေတယ်လို့ စက်ရုံဝန်ထမ်းတွေဆီက သိရပါတယ်။
လတ်တလောမှာ လုယက်သွားသူ ၂ ယောက်ကို ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းက ပုဒ်မ ၃၉၂ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်ကနေ သိရပါတယ်။
၂၀၂၃ ခုနှစ် သြဂုတ် ၂၅ ရက်ကလည်း ဒဂုံဆိပ်ကမ်းမြိုနယ် စက်မှုဇုန် ၁ ကနောင်မင်းသားကြီးလမ်းမှာ အထည်ချုပ်စက်ရုံ မန်နေဂျာတယောက် ဘဏ်ကငွေထုတ်ပြီး ပြန်လာတုန်း အမည်မသိအမျိုးသား ၃ ယောက်က လုယက်ခဲ့လို့ ကျပ် သိန်း ၃၀၀ ကျော် ပါသွားခဲ့ဖူးပါတယ်။











