
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ပြည်မဘက်သို့ ပြောင်းရွှေ့သွားကြတဲ့ ရခိုင်တိုင်းရင်းသား Non-CDM ဝန်ထမ်းတွေကို ရာထူးတိုးပေးကာ စစ်တွေမြို့မှာ ပြန်လည် တာဝန်ထမ်းဆောင်ဖို့ စစ်အာဏာရှင်အစိုးရက ပြန်လည်ခေါ်ယူနေသလို၊ မြို့တွင်းမှာ ကျန်ရှိနေတဲ့ ဝန်ထမ်းတွေကိုလည်း ပြည်မသို့ ပြောင်းရွှေ့ခွင့် မပြုတော့ဘူးလို့ ဒေသခံတွေထံမှ သိရပါတယ်။
စစ်တွေမြို့နယ်အတွင်း အာရက္ခတပ်တော် (AA)နဲ့ စစ်အာဏာရှင်တပ်တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားနေစဉ် ကာလအတွင်း ပြည်မဘက်သို့ ပြောင်းရွှေ့ခွင့် ရရှိသွားတဲ့ ရခိုင်ဝန်ထမ်းတွေကို အခုအခါ ရာထူးတိုးပေးကာ စစ်တွေမြို့မှာ ပြန်လည် တာဝန်ထမ်းဆောင်စေဖို့ ဖိအားပေး ခေါ်ယူနေတာ ဖြစ်ပါတယ်။
စစ်တွေမြို့ခံ အမျိုးသားတယောက်က “စစ်တွေ မြို့စွန်မြို့ပြင်တွေမှာ ၂၀၂၄ ခုနှစ်တည်းက တိုက်ပွဲတွေ ခပ်စိပ်စိပ် ဖြစ်ခဲ့တာပါ။ အဲဒီကြားထဲ ငြိမ်သွားလိုက်၊ ၂၀၂၅ မှာ ပြန်ဖြစ်လိုက်နဲ့ ဖြစ်နေတဲ့ အတောအတွင်း ပြည်မဘက်ကို ပြောင်းခွင့်ရသွားတဲ့ ရခိုင်လူမျိုးဝန်ထမ်းတွေ ရှိပါတယ်။ အဲဒီဝန်ထမ်းတွေကို အခု တိုက်ပွဲတွေ မြို့နားအထိ ပြန်လည် ပြင်းထန်လာချိန်မှာ ရာထူးတိုးပေးပြီး တာဝန်ထမ်းဆောင်ဖို့ ပြန်ခေါ်နေတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
ဒါ့အပြင်စက်တင်ဘာလအတွင်းက စတင်ကာ စစ်တွေမြို့ ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ ပြန်လည် ပြင်းထန်လာပြီး မြို့တွင်း ဗုံးကြဲခံရမှုတွေ ရှိလာပြီးနောက်ပိုင်း စစ်တွေမြို့ပေါ်မှာ ကျန်ရှိနေတဲ့ ရခိုင်လူမျိုး Non-CDM ဝန်ထမ်းတွေကို ရန်ကုန်အပါအဝင် ပြည်မဘက်သို့ ပြောင်းရွှေ့ခွင့် လုံးဝမပြုတော့ဘူးလို့ ဝန်ထမ်းတွေနဲ့ နီးစပ်တဲ့ မြို့ခံတွေက ဆိုပါတယ်။
လက်ရှိမှာ စစ်တွေမြို့ပြင်နဲ့ အနီးအနား ဝန်းကျင်မှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပြီး မြို့တွင်းမှာ အခြေခံ Non-CDM ဝန်ထမ်းအများစုနဲ့ လက်လုပ်လက်စား ဒေသခံတွေသာ ပိတ်မိနေကြတာ ဖြစ်ပါတယ်။
စစ်တွေမြို့နယ်အတွင်း စစ်အာဏာရှင်လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်း အများစုဟာ အခြေခံလက်လုပ်လက်စား အများစု ဖြစ်တယ်လို့ သိရပါတယ်။











