DVB Logo
Home
ဆောင်းပါး
ရွှေကွယ်ရွာ အရိုးကောက်ပွဲနှင့် မျက်နှာခြယ်သ ပြုံးပြတတ်သူ ဦးရွာချစ်
DVB
·
July 2, 2026
Design: DVB
Design: DVB
Donate to DVB

ကြုံတောင့်ကြုံခဲဟင်းကောင်းနှင့်ထမင်းစားပြီးလို့မှ နာရီဝက်ပင်မရှိသေး ခရီးသွားဖို့က ဖြစ်လာ၏။

သည်ကနေ့ မနက်စောစော အိပ်ရာနိုးနိုးချင်း တပ်ကြပ်ကြီးဖါးတေးက ချောင်းထဲဆင်းသွား၏။ သူ ချောင်းထဲဆင်းချိန် ကျနော်နှင့် ဦးကသေးဖိုးက ဟန်းကောနှင့် ထမင်းချက်ကြ၏။ 

နာရီဝက်မျှမကြာခင် တပ်ကြပ်ကြီးဖါးတေး  ချောင်းထဲကတက်လာ၏။ သူ့ခါးပုံစထဲတွင် ကျောက်ပုစွန်ကြီး ၁၀ ကောင်မျှ ပါလာ၏။ ဒုံသမိချောင်း ကျောက်ဆောင်တချို့ကြား ရေငုပ်ပြီး ဖမ်းလာခြင်းဖြစ်သည်ဟု ဆိုသည်။ တပ်ကြပ်ကြီးဖါးတေးက ရေလည်း တော်တော်ငုတ်နိုင်သည်။ တခါငုပ်လျှင် တော်တော်ကြာ၏။ ရေပေါ်ပြန်ပေါ်လာတိုင်း ပါးစပ်ထဲတွင် ကျောက်ပုစွန်တကောင် လက်နှစ်ဘက်တွင် တကောင်စီ ပါလာမြဲ။ သူက ရေအောက် ကျောက်ကြိုကျောက်ကြား ကျောက်ပုစွန်များကို လိုက်စမ်း လိုက်ဖမ်းခြင်း ဖြစ်သည်။ တပ်ကြပ်ကြီးဖါးတေး ရေငုပ်ရေကူးကျွမ်းကျင်မှုမှာ သူ၏လက်ဖဝါးနှင့် ခြေဖဝါးများကြောင့် ဖြစ်သည်ဟု ကြားဖူး၏။ ဟုတ်လည်း ဟုတ်သည်။ သူ၏ လက်ဖဝါးခြေဖဝါးများမှာ ပြန့်ကားပြီး တော်တော်ကြီး၏။ အထူးသဖြင့် သူ့ခြေဖဝါးများမှာ တော်တော်ထူ၏။ တပ်ကြပ်ကြီးဖါးတေးသည် ဖိနပ်လည်း စီးလေ့စီးထ ရှိသူမဟုတ်။

ချောင်းနံဘေးတနေရာက ကင်ပွန်းချဉ်ရွက် နုနုထွားထွားများကိုခူးကာ ကျောက်ပုစွန်များနှင့် ဆီမပါ ဆားဖြင့်သာ ချက်ကြ၏။ ခေါင်းချိုးချေးထုတ် အခွံခွာထားသည့်တိုင် ကျောက်ပုစွန်များက တော်တော်ကြီး၏။ လတ်ဆတ်ပြီး သူ့အဆီနှင့်သူ လုံးပြီးချက်သဖြင့် ဟင်းမှာ အင်အတန်ကောင်း၏။ 

တပ်ကြပ်ကြီးဖါးတေးနှင့် ဦးကသေးဖို့တို့ကမူ ဖျားလေ့ဖျားထ သိပ်မရှိဟု သိရ၏။ မာနယ်ပလောငှက်အကြောင်းတော့ ကြားဖူးကြ၏။ ကျနော်ကတော့ မာနယ်ပလောမှာရှိနေစဉ် ငှက်ဖျားနှင့်ရဲဘော် ကြာကြာခွဲနေလို့ မရဟုပြောတော့ နှစ်ယောက်စလုံး ရယ်ကြ၏။ 

မာနယ်ပလောတွင်နေကြစဉ် ငှက်ဖျားကြောင့် ရူးသွားရသူ နေ့ချင်းညချင်း အသက်ဆုံးရှုံးရသူများ ရှိတော့ ရှိ၏။ သို့သော် ဘယ်ရဲဘော်မျှ ငှက်ဖျားကို မကြောက်ကြ။ ရှောင်လွှဲလို့မရသည့်အတူတူ ပျော်ပျော်ပဲ သဘောထားလိုက်ကြသည်လားတော့ မပြောတတ်။ ထမင်းထိုင်စားရင်း ငှက်ဖျားနှင့်ပတ်သက်သော အဖြစ်အပျက်တခု ပြောပြမီသေး၏။

ကျနော်တို့ မာနယ်ပလော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ဗဟိုဌာနချုပ်တွင် ရဲဘော် ၅၀ ကျော် အမြဲ ရှိ၏။ ထိုအထဲက ရဲဘော်ကိုသောင်းလှိုင်ဆိုသူက စားဖိုမှူးဖြစ်၏။ သူက နေ့စဉ် အလှည့်ကျစားဖိုတာဝန်ယူရသူ ရဲဘော်နှစ်နှင့်အတူ ရဲဘော် ၅၀ စာ ထမင်းဟင်း စီမံကွပ်ကဲ ချက်ပြုတ်ရ၏။ သူက ကရင်စကားတတ်၏။ စားဖိုဆောင်နှင့်ကပ်လျက်နေရာတွင် ရိက္ခာဂိုဒေါင် ရှိ၏။ စားဖိုမှူး ကိုသောင်းလှိုင်က ရိက္ခာဂိုဒေါင်ဘေးတွင် သူ့ဖာသာတဲထိုးပြီး တယောက်တည်း နေ၏။ သူ၏တဲမှာ မယ်တုက္ခီစမ်းချောင်းအစပ်တွင်ဖြစ်၏။ သူ့တဲကလေးမှာ အမိုးအကာ အခင်း တောင့်တောင့်တင်းတင်း ရှိ၏။ ထို့ပြင် ဖွင့်လို့ပိတ်လို့ရသော  တံခါးလေးတပ်ထား၏။ သူ့တဲကို မည်သူမျှအလာမခံ။ စည်ကမ်းနှင့်နေ၏။ ကျနော်တို့ ရဲဘော်များကလည်း သူက စားဖိုမှူးဖြစ်သူမို့ ဟင်းရည်ဟင်းဖတ် ပိုပိုသာသာ ရလိုရငြား သူ့စည်းကမ်းကိုဖောက်ပြီး မည်သူမျှ သူ့တဲပေါ် မသွားကြ။ သို့သော် စာတိုပေစရေးသူ ကျနော့်ကိုမူ သူ့တဲပေါ် အလာခံ၏။ သူကလည်း  ကဗျာဝါသနာ ပါ၏။ 

တနေ့တွင် ကိုသောင်းလှိုင် ငှက်ဖျားထ၏။ ထိုးဝါးလူ KNU ဆေးရုံ တန်းတင်ရသည်အထိ ဖျား၏။ သူ ဆေးရုံတက်နေစဉ် ကိုယ့်ရဲဘော်လည်းဖြစ် အဖွဲ့အစည်းနောက်ခံဂုဏ်လည်းရှိအောင် ကျနော်တို့ရဲဘော်နှစ်ယောက်က နေ့စဉ်အလှည့်ကျ သွားပေးရ၏။ ထမင်းချိုင့် ပို့ရ၏။ 

တပတ်ကျော်ခန့်ရှိတော့ ကျနော်တို့က ကိုသောင်းလှိုင်ထံ ထမင်းချိုင့် မပို့ချင်တော့ကြောင်း ဗဟိုကော်မတီကို တင်ပြကြရ၏။ အဘယ်ကြောင့်ဆိုသော် ကိုသောင်းလှိုင်မှာ နေကောင်းနေပြီဖြစ်ကြောင်း၊ ကျနော်တို့ ထမင်းချိုင့်သွားပို့သည့်အခါ ကိုသောင်းလှိုင်ကို သူ့ကုတင် (ခုတင်) တွင်မတွေ့ရဘဲ သူနာပြာဆရာမလေးများအခန်းတွင်သာ တဝါးဝါးတဟားဟား တွေ့ရကြောင်း၊ ထို့ကြောင့် ကိုသောင်းလှိုင်ထံ ထမင်းမပို့ချင်ကြတော့ကြောင်း ဝိုင်းတင်ပြကြ၏။ တကယ်လည်း ကိုသောင်းလှိုင် နေကောင်းနေပြီမှာလည်း အမှန်ဖြစ်သည်။ သို့သော် သူက ကရင်စကားတတ်ပြီး ဗေဒင်လည်း ဟောတတ်သဖြင့် ဆရာမလေးများနှင့် အဖွဲ့ကျ၏။ ထိုအခါကြမှ ကိုသောင်းလှိုင် ဗေဒင်ဟောတတ်ကြောင်း ကျနော်တို့ သိကြရ၏။ ထို့ကြောင့် ကျနော်တို့သွားတိုင်း ဆရာမလေးများက ကိုသောင်းလှိုင်ကို  ဆေးရုံကဆင်းလို့မရသေးကြောင်း ပြော၏။ ကိုသောင်းလှိုင်ကလည်း ဆေးရုံမဆင်းရအောင် ဆရာမလေးများနှင့် သဘောတူထားပုံရသည်ဟု ကျနော်တို့အားလုံး ယူဆထားကြ၏။ နောက်ဆုံးတော့ ကိုသောင်းလှိုင် ဆေးရုံက ဆင်းလာ၏။

ဆေးရုံကဆင်းပြီး နှစ်ရက်လောက်ရှိတော့ ကိုသောင်းလှိုင်က ကျနော့်ကို သူ့အခန်းကလေးထဲ ခေါ်၏။ နံရံတွင် စာရေးပြီးကပ်ထားသော စာများကို ပြ၏။ သူကိုယ်တိုင်ရေးထားသော ကဗျာများဖြစ်သည်ဟု ပြော၏။ ကျနော် ဖတ်ကြည့်သောအခါ သူက “အရင်တုန်းကဆိုလျင် သူသည် ငှက်ဖျားပိုးများကို ကြောက်ကြောင်း မုန်းကြောင်း၊ အခုတော့မူ ငှက်ဖျားပိုးလေးများကို မကြောက်သည့်အပြင် ချစ်ကြောင်း ကျေးဇူးတင်ကြောင်း” ကဗျာဆန်ဆန်ရေးထားသည်ကို ကျနော်တွေ့ရ ဖတ်ရ၏။ ကျနော်က ဘာမျှတော့ ထူးထူးထွေထွေမပြော။ ကောင်းတယ်ဗျဟု ပြောခဲ့၏။

နောက်နေ့ ထမင်းစားရုံထဲ ရဲဘော်တွေထမင်းစားနေစဉ် ရဲဘော်တယောက်က “ငှက်ဖျားပိုးဆိုတာ ကြောက်စရာမကောင်းဘူး ချစ်စရာတောင်ကောင်းတာ ငါအသိဆုံးကွ” ဟု ထပြောလိုက်၏။ ရဲဘော်အတော်များများက ပြုံးဖြဲဖြဲဖြင့် ကိုသောင်းလှိုင်ကို ဝိုင်းကြည့်ကြ၏။ ကိုသောင်းလှိုင်က ကျနော့်ကို ကြည့်၏။ ကျနော်က မျက်နှာလွှဲထားလိုက်၏။ ထိုအချိန်မှစကာ ကိုသောင်းလှိုင်တယောက် အားလုံးကိုဆဲဆိုပြီး ဘယ်ရဲဘော်မျှ သူ့အခန်းထဲ အဝင်မခံတော့ချေ။ (နောက်တော့လည်း သူ့အခန်းကလေးထဲ ကျနော်တို့အားလုံး သီချင်းတကျော်ကျော်။ နောင်အခါ ကိုသောင်းလှိုင်မှာ အဝေးရောက်ဧရာဝတီအဖွဲ့ သက်တော်ရှည်ဥက္ကဋ္ဌ ဖြစ်လာခဲ့ပါသည်။

ထိုအကြောင်းကို ကျနော်က မှတ်မှတ်ရရ ပြောပြတော့ တပ်ကြပ်ကြီးဖားတေးက ရယ်မောသဘောကျ၏။ ထမင်းစားပြီး‌တော့ တပ်ကြပ်ကြီးဖါးတေး စက်ဖြင့်စကားပြော၏။ ပြီးတော့ ရွှေကွယ်ရွာ အရိုးကောက်ပွဲ (အသုဘအခမ်းအနား)ရှိတယ်၊ သွားမလားဟု ပြောလာခဲ့၏။ အရိုးကောက်ပွဲတွင် လက်ဝှေ့ပွဲ ပါသည်ဟုဆို၏။ ကျနော်ကလည်း ချက်ချင်းသဘောတူကာ ရွှေကွယ်ရွာသွားဖို့ ပြင်ဆင်ကြရ၏။

ကျနော်က အသုဘအခမ်းအနားတွင် လက်ဝှေ့ပွဲ ဘာလို့ထည့်တာလဲဟု မေးတော့ သည်ဒေသမှာ တိုက်ပွဲတွေ ဗမာစစ်တပ်တွေကြောင့် ပျော်ပွဲရွှင်ပွဲသပ်သပ်ရယ်လို့မရှိတာ ကြာပြီဖြစ်တာကြောင့် လူတွေက အသုဘအခမ်းအနားဖြစ်သည့်တိုင် လက်ဝှေ့ပွဲလို ပျော်မှုရွှင်မှု ထည့်ကြရသည့်အကြောင်း တပ်ကြပ်ကြီးဖါးတေးက ရှင်းပြ၏။ ထိုအခါကြတော့လည်း တချိန်လုံး စစ်ကြောင့် ဒုက္ခရောက်သည့်သတင်းများကိုသာ ကြားနေ မှတ်သားနေရချိန် အခုလို ပျော်မှုရွှင်မှုပါသည့်သတင်းမျိုး ကြားရမြင်ရမည်ဖြစ်သည်မို့ ကျနော့်မှာ  အနည်းငယ်ကျေနပ်ရ၏။ ဒါလည်း သတင်းတခုအဖြစ် အသံဖမ်းယူတင်ဆက်ရန် စိတ်ကူးထားလိုက်၏။

တောလမ်းအတိုင်း လမ်းလျှောက်လာကြပြီး တနာရီနီးပါးအကြာတွင် ဆိုင်းသံကြားလာရ၏။ လူ ၃ ယောက်က သစ်ပင်ခတ်အုပ်အုပ်များထဲကထွက်ကာ ကျနော်တို့ကို ကြို၏။ ကျနော်တို့ကို ထွက်ကြိုသောသူများမှာ ရွှေကွယ်ရွာသူကြီးနှင့် ရွာလုံခြုံရေးများဖြစ်သည်ဟု တပ်ကပ်ကြီးဖါးတေးက ပြောပြ၏။ ကျနော်တို့ကို ထွက်ကြိုသူ ၃ ယောက်စလုံး မျက်နှာတွင် ပေါင်ဒါများ ရေဖျော်လိမ်းထားကြသလို ဖွေးဖွေးဖြူနေကြ၏။

ကျနော်တို့အားလုံး ရွှေကွယ်ရွာသူကြီးခေါင်းဆောင်ကာ လမ်းလျှောက်လာကြစဉ် မျက်နှာတပြင်လုံး ဖြူဖွေးနေသူ အရပ်ပုပု အသားမည်းမည်း ရွှေကွယ်ရွာသူကြီးက ကျနော့်ကိုပြုံးပြရင်း သူ့ကိုယ်သူ မိတ်ဆက်လာခဲ့၏။

“ကျ ကျ ကျနော့်နာ နာမည် ရွာ ရွာ ရွာချစ်‌နော် ရွာ ရွာ ရွာဟိတ် မ မ မဟုတ်ဘူး၊ တ တ တရွာလုံးက ချစ် ချစ် ချစ်လို့ ရွာ ရွာချစ်။”

ကျနော်က သူကြီးဦးရွာချစ်ကို ဖော်ရွေစွာ ပြုံးပြရ၏။ ဦးရွာချစ်ပြောသော “ရွာဟိတ်” ဆိုသူမှာ ခရိုင်ဥက္ကဋ္ဌ “ဗိုလ်မှူးရွာဟိတ်” ကို ဆိုလိုကြောင်း နောက်မှသိရ၏။ 

ရွာထဲဝင်လာတော့ ဆိုင်းသံ ပိုကြားလာ၏။ တဲတခုရှေ့တွင် မာမားထုပ်နှင့် အခြားစားစရာ အထုပ် ၂၀ ခန့် ချိတ်ဆွဲထား၏။ ဦးရွာချစ်က ကျနော့်အနားကပ်လာပြီး ပြုံးပြ၏။

“ကျ ကျ ကျနော့် ကျနော့်ရွာ ရွာက နွား နွား နွားမှောင် နွားမှောင်ခို လမ်းနဲ့ နီး နီးတယ် ဆ ဆ ဆရာကြီး၊ ဒီ ဒီ ဒီနား နားမှာ ကျနော် ကျ ကျနော်တို့ရွာ စီးပွားရေး ရေး အ အ ကောင်းဆုံးပဲ ဆ ဆ ဆရာကြီး၊ ဈေး ဈေးဆိုင် သုံး သုံးဆိုင်၊ လှည်း လှည်း နှစ် နှစ် နှစ်စီး ရှိ ရှိ ရှိတယ် ဆ ဆ ဆရာကြီး။”

ကျနော်တို့လူစု နောက်ထပ် မုန့်ထုပ်များချိတ်ထားသည့် တဲနှစ်ခုရှေ့က ဖြတ်တော့ ထိုတဲများမှာ သူကြီးပြောသော ဈေးဆိုင်သုံးဆိုင် ဖြစ်မည်ဟု တွေးမိ၏။ 

ဦးရွာချစ်မှာ မျက်နှာတခုလုံး ပေါင်ဒါများဖွေးဖြူအောင် လိမ်းထားသည့်ကြားမှ ကျနော့်ကို တလမ်းလုံး ဖော်ရွေစွာ ပြုံးပြရင်း ကျနော့်အနားမှ မခွာခဲ့။ သူ့ခမျာ စကားထစ်သဖြင့် ကျနော့်ကို အားရပါးရ စကားမပြောနိုင် ဖြစ်နေပုံရ၏။ ဆိုင်းသံနီးပြီး လူတွေတွေ့လာရသောအခါ ဦးရွာချစ်က ကျနော့်ဘေး ပိုတိုးလာပြီး ကျနော်နှငိ့ယှဉ်ပြီး လျှောက်လာ၏။ 

အရိပ်အာဝါသကောင်းလှသော ကုက္ကိုလ်ပင်ကြီးတပင်အောက်ကို ကျနော်တို့ ရောက်လာကြ၏။ လှည်းလေးစီးမျှအကျယ် မြေကွက်လပ်ကို ထုံးဝိုင်းပြီး စည်းတားထား၏။ စည်းဝိုင်းဘေး ကုက္ကိုရိပ်တွင် ခြောက်လုံးပတ်တီးဝိုင်းမှာ အားကြိုးမာန်တက် တီးခတ်နေကြ၏။ ဆိုင်းသမားအားလုံးသည်လည်း မျက်နှာများ ဖွေးဖွေးဖြူလျက်။ ကျနော်တို့ကိုတွေ့တော့  ဆိုင်းသမားများမှာ ထကလုမတတ် ယိမ်းထိုးလှုပ်ရှားပြီး ဆိုင်းတီးကြတော့သည်။ 

ဆိုင်းဝိုင်းဘေးတွင် ဖျာကြမ်းတခု ခင်းထား၏။ ဖြာကြမ်းပေါတွင် သကြားတပန်းကန် ဓာတ်ဘူးတလုံးရှိ၏။ ဧည့်သည်များဖြစ်သည့် ကျနော်တို့အတွက် ပြင်ဆင်ချထားသည့် အထူးပွဲကြည့်စင်ပင် ဖြစ်သည်။ 

ကျနော်တို့လူသိုက် ဖျာပေါ်တွင် နေရာယူလိုက်သောအခါ လူတယောက် ခါးတောင်းမြှောင်အောင်ကျိုက်ပြီး စည်းဝိုင်းအတွင်း ဝင်လာလေသည်။ လက်ဝှေ့ယိမ်း စလေသည်။ 

ဆိုင်းသမားများက တီးလည်းတီး ဆိုလည်း ဆိုကြ၏။ ချက်ချင်းဆိုသလို စည်းဝိုင်းအပြင်ဘက်တွင် လူတရာခန့် ဝိုင်းလာကြ၏။ မိန်းမတချို့မှာ ခလေးတွဲလွဲ ခွေးတွဲလွဲ တိုးငှေ့အော်ဟစ်ပြီး ထိုင်ကြ၏။ 

ပရိသတ်၏အခြေအနေကိုကြည့်ကာ ကျနော်က ကင်မရာလေးနှင့် အသံဖမ်းစက်ကို ရှေ့တွင်ချ၏။ လူတွေအားလုံး ဝိုင်းကြည့်နေမည်ကိုသိသဖြင့် ကျနော်က အသံဖမ်းစက်ကလေးကို ဟိုဒီကလိ၏။ ကင်မရာကို ခဏကောက်ကိုင်ပြီး ကြည့်၏။ ဆူညံလျက်ရှိသော ဆိုင်းသံလူသံများကြား အခြေအနေကိုကြည့်ကာ ကျနော်သည်လည်း တက်ကြွလာရ၏။ သို့သော် “လုံခြုံရေးအစီစဉ် သေချာလုပ်ထားရဲ့လား”ဟု ဦးရွာချစ်ဘေးကပ်ပြီး မအော်ရုံတမယ် မေးရသေး၏။ ဦးရွာချစ်က ကျနော့်ကို ပြုံးပြ၏။ လက်မထောင် ခေါင်းညှိမ့်ပြ၏။ 

ကျနော်က ပတ်ဝန်းကျင်ကို ကြည့်သည်။ လူတွေအားလုံး ကလေးလူကြီးတယောက်မကျန် ပေါင်ဒါအဖွေးသား မျက်နှာကိုယ်စီ တွေ့ရ၏။ ပရိသတ်မှာ ရွာခံရော တခြားရွာမှဧည့်သည်များရော လူတရာကျော်ခန့် ရှိမည်ထင်ရ၏။

လက်ဝှေ့ပွဲမှာ အသက် ၁၀ နှစ်အောက်ကလေးငယ်များက စတင်ထိုးသတ်ကြ၏။ ဒိုင်လုပ်သူမှာ ဝဝဖိုင့်ဖိုင့် သွက်သွက်လက်လက်။ အင်္ကျီမပါ ခါးထောင်မြှောင်အောင် ကျိုက်ထား၏။ သူကြီးဦးရွာချစ်မှာ ကျနော့်ဘေး ကပ်ထိုင်ရင်း ကျနော့်ကို မကြာခဏ ပေါင်ဒါအဖွေးသားမျက်နှာနှင့် ပြုံးပြပြီး ပျော်ရွှင်နေ၏။

နာရီဝက်ခန့်ရှိတော့ ကလေးလက်ဝှေ့ပွဲအစီစဉ် ပြီးသွားဟန်တူ၏။ ဒိုင်အသစ်တယောက် စည်းဝိုင်ထဲ မျက်နှာအဖွေးသားနှင့် ဝင်လာ၏။ အင်္ကျီမပါ ခါးတောင်းကျိုက်လျက် ကွင်းအလယ်ခေါင်တွင် ရပ်၏။ သူက ဆိုင်းတီးရပ်ခိုင်း၏။ ပြီးတော့မှ ကရင်လို ပရိသတ်ကို စကားပြောလေသည်။ ကျနော့်အထင် ပြိုင်ပွဲစည်းကမ်းကို ပြောနေသည်ဟု ထင်ရ၏။ ဆိုင်းဝိုင်းကလည်း ခဏရပ်ထား၏။

ထိုစဉ်မှာပင် တပ်ကြပ်ကြီးဖါးတေးနှင့် ဦးရွာချစ်တို့ ရွာထဲခဏသွားမည်ဟုပြောကာ ရွာလုံခြုံရေးလူငယ်တယောက် ကျနော့်ဘေးတွင်ထားလျက် ထသွားကြ၏။ ကျနော့်အထင် ထမင်းစားဖို့ သွားရောက် စီစဉ်ကြဟန်တူ၏။ 

ဆိုင်းသံ ပြန်စသောအခါ အသက်‌ ၃၀ အရွယ်  လူနှစ်ယောက် လက်ဝှေ့ထိုးရန်  စည်းဝိုင်းအတွင်း ဝင်လာ၏။ ဒိုင်လူကြီးက ဆိုင်းတီးရပ်စေကာ လက်ဝှေ့သမားမျာကို စည်းကမ်းများပြော၏။  ဒိုင်လူကြီးက အချက်ပြလိုက်သောအခါ ဆိုင်းသံများက နားကွဲလုမတတ် ပြန်လည်ထွက်ပေါ်လာကြ၏။ ပရိသတ်ကလည်း တဟေးဟေးတဟားဟား အော်ဟစ်အားပေးကြ၏။ အမျိုးသမီးတယောက်မှာ ကလေးခါးထစ်ခွင်ရင်း ခုန်ပေါက်အားပေးနေ၏။ လက်ဝှေ့သမားနှစ်ဦးက အကြမ်းပတမ်းမထိုးသေးဘဲ နေရာအမျိုးမျိုးယူရင်း တယောက်နှင့်တယောက် အလစ်ချောင်းနေကြ၏။

ထိုစဉ်မှာပင် လူတယောက်မှာ တစုံတရာအော်ဟစ်ရင်း စည်းဝိုင်းကို ဖြတ်ပြေး၏။ လူတွေအားလုံး ဝါးအစည်းပြေသလို ဦးတည်ရာအမျိုးမျိုး ပြေးထွက်ကြ၏။ ဆိုင်းသံမှာ တိကနဲရပ်ပြီး အော်ဟစ်သံများလွှမ်းသွား၏။ေ

ကျနော့်ဘေးကလူ‌တယောက်က ပုဆိုးတထည်ကို ကျနော့်ရှေ့ဖြန့်ချ၏။ ပါးစပ်ကလည်း “နင့်ဟာတွေ ဒီထဲထည့် ဒီထဲထည့်” ဟု ဆိုကာ ကျနော်ထည့်ပေးသည့် ကင်မရာနှင့် အသံဖမ်းစက်ကလေးကို ပုဆိုးစနှင့်ဆွဲစုရင်း “ငါ့နောက်ကလိုက် ငါ့နောက်ကလိုက်” ဟု ပြောကာ တဟုန်ထိုးပြေးတော့၏။ ကျနော့်နားထဲ အသေအချာကြားလိုက်ရသည်က လူတယောက်က “ ပရော် ပရော်”ဟူ၍ ပြေးရင်း အော်လိုက်သည့်အသံပင် ဖြစ်သည်။ (ပရော် ဆိုသည်မှာ ရန်သူဟုအဓိပ္ပာယ်ရကြောင်း နောက်မှ သိရ၏။)

ကျနော်တို့နှစ်ယောက် ရွာပြင်ဘက်ရောက်တော့ တရွာလုံး အော်ဟစ်ဆူညံနေပြီဖြစ်သည်။ လူတွေကလည်း တဖက်တည်းဦးတည်ပြေးခြင်း မဟုတ်ကြ။ ဦးတည်ရာအမျိုးမျိုး ပြေးကြ၏။ လယ်ကွက်တခုကိုကျော်တော့ ရှေ့မှပြေးနေသည့်လူက ဘာမပြောညာမပြော နောက်ပြန် လှည့်ပြေး၏။ ကျနော့်မှာ စဉ်းစားချိန်မရ။ သူ့နောက်ကိုလှည့်ပြီး ပြေးလိုက်ရ၏။ ကျနော်တို့နှင့်အတူ ရွာသားတချို့လည်း ပါလာ၏။ ၁၀ မိနစ်ခန့် နှေးလိုက်ပြေးလိုက်ပြီးသောအခါ သစ်ပင်ထူထပ်သော တောင်ကုန်းတခုပေါ် ရောက်လာကြ၏။ ရှေ့ကပြေးနေသူ ရပ်လိုက်သည့်အခါ ကျနော်လည်းရပ်လိုက်ရ၏။

ကျနော်တို့၏နောက်ပိုင်တွင်  လူသံများ သဲ့သဲ့မျှသာ ကြားရ၏။ ကျနော့်ရှေ့က ပြေးလာသူမှာ မျက်နှာတခုလုံး ပေါင်ဒါများကြား ချွေးစီး‌ကြောင်းများ ကျနေ၏။ နောက်ထပ်ပြီး လူ ၁၀ ယောက်ခန့် ရောက်လာ၏။ တောင်ကုန်းအောက် ရွာခြေဆီက ဘာသံမျှ မကြားရတော့။ ကျနော်တို့လည်း သင့်တော်ရာသစ်ပင်များအောက် အမောဖြေကြရ၏။

လူသံကြားလို့ ထကြည့်တော့ သူကြီးနှင့် တပ်ကြပ်ကြီးဖါးတေးတို့လူအုပ် တက်လာသည်ကို တွေ့ရ၏။ ထိုအခါ ကျနော်တို့ရောက်နေသည့်တောင်ကုန်းမှာ သည်လိုပဲ ရွာလန့်သည့်အချိန်တိုင်း လာရောက်ပုန်းအောင်းသည့်နေရာဖြစ်ဟန်တူသည်ဟု ကျနော်တွေးမိ၏။

သူကြီးဦးရွာချစ်က ကျနော့်ကိုမြင်တော့ ပေါင်ဒါအဖွေးသား ချွေးစီးကြောင်းမျက်နှာဖြင့် ဝမ်းသာအားရ ပြုံးပြ၏။ ကျနော့်ကိုတွေ့တော့ တပ်ကြပ်ကြီးဖါးတေးက စိတ်အေးသွားသည့်မျက်နှာနှင့် ကျနော့်ကို မဝံ့မရဲ ပြုံးပြ၏။ တပ်ကြပ်ကြီးဖါးတေး၏ မျက်နှာကိုတွေ့တော့ “ဒီလူဘယ်အချိန်များ ပေါင်ဒါတွေသွားလိမ်းလိုက်ပါလိမ့်” ဟု တွေးမိသည်။

အမောဖြေရင်းအနားယူနေစဉ် ကျနော့်မှာ ဘာ့ကြောင့်ထွက်ပြေးကြတာလဲဟူသည့်အကြောင်းကို ဂဃနဏ သိချင်နေသည်။ ထို့ကြောင့် ရွာသူကြီး ဦးရွာချစ်ကိုပဲ စကားစ၏။

“သူကြီး ဘာဖြစ်လို့ပြေးကြတာလဲ၊ ရန်သူလာလို့ပြေးတာလား”

ဦးရွာချစ်က ရွာလုံခြုံရေးရွာသားကိုကြည့်သည်။ တပ်ကြပ်ကြီးဖါးတေးကို ကြည့်သည်။

“သိ သိ သိဘူးလေ၊ အ အ အကုန် အကုန်လုံး ပြေး ပြေးကြတာပဲလေ။”

“သူကြီး‌ ရန်သူမြင်သေးလား”

“ဘယ် ဘယ် ဘယ်ကလာ၊ လူ လူ လူတွေ အ အ အကုန်ပြေး၊ ငါ ငါ ငါလည်း ပြေးရ ပြေးရတာပဲ လေ။”

ကျနော့်မှာ မောရသည့်ကြားထဲ မျက်နှာတဖက်လှည့်ပြီး ပြုံးရတော့၏‌။ လူတွေ မည်သူမျှ စကားမပြောကြဘဲ ငြိမ်ပြီးအမောဖြေနေကြ၏။ အချိန်အနည်းငယ်အကြာ သတိရလို့ ဘေးကိုငဲ့ကြည့်တော့ သူကြီးဦးရွာချစ်မှာ သစ်ပင်ကိုမှီကာ အိပ်ပျော်နေ၏။

“ဟော ဆိုင်းသံလားလို့”

“ဟုတ်တယ် ဟုတ်တယ် ဆိုင်းသံပဲ”

လူတွေအားလုံး လှုပ်လှုပ်ရွရွ ဖြစ်လာ၏။

“ဟုတ် ဟုတ် ဟုတ်တယ်၊ ဆိုင်း ဆိုင်း ဆိုင်းသံမှ အ အ အစစ်၊ လာ ဆ ဆ ဆရာကြီး လက် လက် လက်ဝှေ့ ပြန် ပြန် ပြန်စနေပြီ၊ ကိုင်း ‌အား အား အားလုံး အောက် ပြန် အောက်ပြန် ဆင်း ဆင်းမယ်။”

သူကြီးကထတော့ တပ်ကြပ်ကြီးဖါးတေး လိုက်ထသည်။ လူတွေ တယောက်ပြီးတယောက် ထရပ်ကြသည်။ ကျနော်လည်း ထရပ်လိုက်ရ၏။

သူကြီး ဦးရွာချစ်ဦးဆောင်သော ကျနော်တို့လူစု တောင်ကုန်းပေါ်မှ ပြန်ဆင်းလာစဉ် ကျနော့်စိတ်ထဲက အပူတခုကို ရွာလုံခြုံရေးသမားအား ပြောပြလိုက်မိသည်။

“အခုမှ သတိရတယ်၊ ဟို သကြားပန်းးကန်နဲ့ဓာတ်ဘူးတော့ လူတွေတက်နင်းလို့ အကုန်ကွဲကုန်မလားပဲ။”

“ဟာ ဘာမှမဖြစ်ဘူး၊ သူ့သခင်က သူ့ဟာသူသိမ်းပြီးမှပြေးတာ စိတ်မပူနဲ့။”

ရွာလုံခြုံရေးရဲဘော်ပြောတာ မှန်၏။ ကုက္ကိုပင်ကြီးအောက် ကျနော်တို့ပြန်ရောက်တော့ ဆိုင်းသမားများက ဆိုင်းတီ မပျက်။ ဖြာကြမ်းပေါ်က သကြားပန်းကန်နှင့်ဓာတ်ဘူးသည်လည်း  သူ့နေရာမှာသူ ဣန္ဒြေမပျက် ရှိနေလေသည်။

ငြိမ်းဝေ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013