
ဂျေရုဆလင်မြို့က အလှပြင်ဆိုင်တဆိုင်မှာ ဇူလိုင် ၈ ရက်က အဆိပ်သင့်မှုလို့ ယူဆရတဲ့ ဖြစ်ရပ်တခုကြောင့် သတိလစ်သွားခဲ့တဲ့အတွက် အမျိုးသမီး ၁၄ ယောက်ကို ဘေးလွတ်ရာဆီ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ အစ္စရေးအရေးပေါ်ဌာနက ပြောပါတယ်။
အရေးပေါ်အဖွဲ့တွေ၊ မီးသတ်သမားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို အခင်းဖြစ်တဲ့နေရာဆီ ခေါ်ယူခဲ့ပြီး အမျိုးသမီးတွေကို အလှပြင်ဆိုင်အထဲမှာ တွေ့ခဲ့ရတယ်လို့ အစ္စရေးမီးသတ်နဲ့ ကယ်ဆယ်ရေးဌာနရဲ့ ဂျေရုဆလင်ခရိုင်တပ်မှူး ရှမူလစ်ခ်ဖရိုက်ဒ်မန်းက ပြောပါတယ်။
ဖရိုက်ဒ်မန်းက “ကျနော်တို့ အခင်းဖြစ်တဲ့နေရာကို ရောက်တဲ့အခါ အလှပြင်ဆိုင်တဆိုင်ကို တွေ့ခဲ့ပါတယ်။ အထဲမှာ သတိလစ်နေတဲ့ အရွယ်ရောက်ပြီးသူ အမျိုးသမီး ၁၄ ယောက် ရှိပါတယ်” လို့ ပြောပါတယ်။
အမျိုးသမီး ၉ ယောက်ကတော့ သက်သာတဲ့ အခြေအနေမှာ ရှိနေပြီး ၅ ယောက်က အလယ်အလတ်ကနေ ပြင်းထန်တဲ့ အခြေအနေမှာရှိပေမဲ့ နောက်ပိုင်းမှာ အားလုံး အန္တရာယ်ကနေ လွတ်မြောက်ခဲ့ကြပါတယ်။
မီးသတ်သမားတွေနဲ့ မာဂျန်ဒေးဗစ်အာဒွန်လို့ခေါ်တဲ့ အစ္စရေး အမျိုးသားအရေးပေါ် ဆေးဘက်ဆိုင်ရာ၊ ဘေးအန္တရာယ်၊ လူနာတင်ယာဉ်နဲ့ သွေးဘဏ်ဌာနဝန်ထမ်းတွေက သတိလစ်နေတဲ့ အမျိုးသမီးတွေကို အခင်းဖြစ်တဲ့နေရာကနေ ဘေးလွတ်ရာဆီ ရွှေ့ပြောင်းပေးခဲ့ပါတယ်။
အဆိပ်သင့်မှုလို့ သံသယရှိတဲ့ အကြောင်းရင်းကို ချက်ချင်းမသိရသေးပါဘူး။
Source: Reuters










