အိုင်အိုဝါပြည်နယ်က အဆိပ်သင့် ခဲအေဇိုက်ဒ်အဟောင်းများ ဖောက်ခွဲမည့်အစီအစဉ် ရပ်ဆိုင်း

အိုင်အိုဝါပြည်နယ်က သက်တမ်းလွန် အဆိပ်သင့် ခဲအေဇိုက်ဒ် အဟောင်းအပျက်တွေကို ဒီတပတ် ဖောက်ခွဲ ဖျက်ဆီးမဲ့ အစီအစဉ်ကို ရပ်ဆိုင်းဖို့ အမေရိကန်စစ်တပ်ကို သမ္မတ ဒေါ်နယ်ထရမ့်ပ်က နိုဝင်ဘာ ၂၃ ရက်မှာ ညွှန်ကြားလိုက်ပါတယ်။
ကြာသပတေးနေ့မှာ ဖောက်ခွဲဖျက်ဆီးမဲ့ လုပ်ငန်းစဉ်ကို ယာယီရပ်ဆိုင်းထားဖို့ အမိန့်ထုတ်ပြန်ခဲ့တဲ့ ဖက်ဒရယ်တရားရုံးက ဒီကိစ္စနဲ့ပတ်သက်ပြီး အပြီးသတ် ဆုံးဖြတ်ချက် မချမချင်း စစ်တပ်အနေနဲ့ အဲဒီလုပ်ငန်းစဉ်ကို ရပ်ဆိုင်းထားဖို့ ညွှန်ကြားထားတာလို့ ထရမ့်ပ်က Truth Social လူမှုကွန်ရက်စာမျက်နှာမှာ ရေးပါတယ်။
စစ်ဘက်ဆိုင်ရာ ခဲယမ်းမီးကျောက်တွေမှာ အသုံးပြုတဲ့ ဖောက်ခွဲရေး ဓာတုပစ္စည်း ခဲအေဇိုက်ဒ် စည်ပိုင်း ၆၈ စည်ကို နိုဝင်ဘာ ၂၀ ရက်က အိုင်အိုဝါ စစ်ဘက်ခဲယမ်းစက်ရုံမှာ ဖောက်ခွဲဖျက်ဆီးဖို့ စစ်တပ်က စီစဉ်ခဲ့ပေမဲ့ ပြည်သူတွေရဲ့ ကန့်ကွက်မှုကြောင့် ရွှေ့ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်။
ဒီအမိန့်ဟာ ရွေးကောက်ခံ ပြည်နယ်အုပ်ချုပ်ရေးမှူး ရော့ဘ်ဆန်းဒ်ရဲ့ သဘောတူညီချက်အပေါ် မူတည်တယ်လို့ ထရမ့်ပ်က ဆိုပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ဖောက်ခွဲမဲ့အစီအစဉ်နဲ့ ပတ်သက်ပြီး ကောင်းတဲ့ရွေးချယ်စရာ မရှိဘူးလို့ X မှာ ရေးသားခဲ့တဲ့ ဆန်းဒ်ကတော့ ထရမ့်ပ်ရဲ့ အမိန့်အပေါ် ချက်ချင်း တုံ့ပြန်ပြောဆိုခြင်း မရှိသေးပါဘူး။
ဒီဓာတုပစ္စည်းဟာ အချိန်မရွေး ထ ပေါက်ကွဲနိုင်တဲ့ အခြေအနေဖြစ်ပြီး ထိန်းချုပ်လို့မရနိုင်တဲ့ ပေါက်ကွဲမှုကြီးတခု ဖြစ်ပွားလာနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အေဂျင်စီ (EPA) က ပြောပါတယ်။
လူထုကို အန္တရာယ်မှ ကာကွယ်ဖို့ ထိန်းချုပ်ဖောက်ခွဲမှု လုပ်ဆောင်ဖို့ လိုအပ်ကြောင်းလည်း တရားရေးဌာနက တရားရုံးကို တင်ပြထားပါတယ်။
သဘာဝပတ်ဝန်းကျင်အဖွဲ့တွေ တရားစွဲဆိုခဲ့လို့ အဋ္ဌမမြောက် အယူခံတရားရုံးက ကြာသပတေးနေ့မှာ စစ်တပ်ရဲ့ ခွင့်ပြုမိန့်ကို ဆိုင်းငံ့ပြီး ဖောက်ခွဲမှုကို ယာယီရပ်တန့်စေခဲ့တာပါ။
ဒီတပတ်မှာ အိုင်အိုဝါပြည်နယ်ရဲ့ အပူချိန်က ၃၀ ဒီဂရီ ဖာရင်ဟိုက် (အနုတ် ၁ ဒီဂရီ စင်တီဂရိတ်) အောက် ကျဆင်းနိုင်တာကြောင့် ခဲအေဇိုက်ဒ်တွေ ပေါက်ကွဲနိုင်တဲ့ လတ်တလောအန္တရာယ် ရှိနေတယ်လို့ EPA က စနေနေ့မှာ သတိပေးထားပါတယ်။
Source: Reuters











