DVB Logo
Home
နိုင်ငံတကာ
အိုင်အိုဝါတွင် သေနတ်သမားက မိသားစုဝင် ၆ ဦးကို သတ်ဖြတ်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်
DVB
·
June 2, 2026
Photo: ABC AFFILIATE WQAD / MUSCATINE POLICE DEPARTMENT VIA FACEBOOK
Photo: ABC AFFILIATE WQAD / MUSCATINE POLICE DEPARTMENT VIA FACEBOOK
Donate to DVB

အမေရိကန်နိုင်ငံ၊ အိုင်အိုဝါပြည်နယ် အရှေ့ပိုင်း၊ အီလီနွိုက်စ်ပြည်နယ်နဲ့ မစ္စစ္စပီမြစ် တဖက်ကမ်းမှာရှိတဲ့ မတ်စ်ကက်တင်းန် မြစ်ကမ်းနားမြို့မှာ ဇွန် ၁ ရက်က သေနတ်သမားတယောက်က သူ့မိသားစုဝင် ၆ ယောက်ကို ပစ်သတ်ပြီးနောက်မှာ သူ့ကိုယ်သူလည်း အဆုံးစီရင်သွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

သေဆုံးသွားရတဲ့ မိသားစုဝင် ၆ ယောက်ထဲမှာ အနည်းဆုံး ကလေးငယ် ၂ ယောက် ပါဝင်နေတယ်လို့  ABC သတင်းဌာနက ဖော်ပြပါတယ်။

သံသယရှိသူ လူသတ်သမားဟာ ရဲတွေရောက်လာခင်မှာ အခင်းဖြစ်ပွားရာ နေရာကနေ ထွက်ပြေးသွားခဲ့ပေမဲ့ သူ့ကို မတ်စ်ကက်တင်းန်မြို့က အသက် ၅၂ နှစ်အရွယ် ရိုင်ယန် ဝီလစ် မက်ဖားလန်း ဖြစ်ကြောင်း အမြန်ဆုံး ဖော်ထုတ်နိုင်ခဲ့ပြီး လူကူးတံတားအနီး မြို့ရဲ့ မြစ်ကမ်းနံဘေးလမ်းကြောင်းမှာ ရှာတွေ့ခဲ့တယ်လို့ ရဲချုပ် အန်သိုနီ ကီးစ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေဟာ သူနဲ့ စကားပြောဆို ဖျောင်းဖျနေတုန်းမှာပဲ သူဟာ ကိုယ့်ကိုယ်ကိုယ် သေနတ်နဲ့ပစ်ပြီး အဆုံးစီရင်သွားခဲ့တာ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့နဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေက ချက်ချင်း အရေးပေါ်ကုသပေးခဲ့ပေမဲ့ သူဟာ အခင်းဖြစ်နေရာမှာတင် သေဆုံးသွားခဲ့ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ဒီအကြမ်းဖက်သေနတ်ပစ်ခတ်မှုဟာ “မိသားစုတွင်း အငြင်းပွားမှုတခုကနေ အစပြုခဲ့တာ” လို့ သိရပြီး သေနတ်သမား မက်ဖားလန်းမှာ အရင်က ရာဇဝတ်မှု မှတ်တမ်းဟောင်းတွေ ရှိခဲ့ဖူးတယ်လို့ ရဲမှူးကြီး ကီးစ်က ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ သေနတ်သမား သေဆုံးသွားခဲ့ပြီဖြစ်လို့ မြို့ခံလူထုအတွက် ဘာအန္တရာယ်နဲ့ ခြိမ်းခြောက်မှုမျိုးမှ မရှိတော့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြု ပြောကြားထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013