
Nvidia ရဲ့ အမှုဆောင်အရာရှိချုပ် ဂျန်ဆန်ဟွမ်နဲ့ ဆက်စပ်နေတဲ့ အမျိုးသမီး အဲလက်ဟွမ်ဟာ တရုတ်သူလျှိုတယောက် ဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်ဟာ လုံးဝအခြေအမြစ် မရှိဘဲ နိုင်ငံကို အပုပ်ချဖို့ ကြိုးပမ်းချက်တခုသာ ဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၀ ရက်မှာ ပယ်ချ လိုက်ပါတယ်။
အဲလက်ဟွမ်ဟာ Nvidia အကြီးအကဲနဲ့ ရင်းနှီးတဲ့ဆက်ဆံရေး တည်ဆောက်ရင်း ပေကျင်းဆီကို သတင်းအချက်အလက်တွေ ပေးပို့ခဲ့တဲ့ တရုတ်ထောက်လှမ်းရေး ကိုယ်စားလှယ်တယောက် ဖြစ်တယ်လို့ အမေရိကန် အာဏာပိုင်တွေက ကောက်ချက်ချခဲ့ကြောင်း နယူးယောက်တိုင်းမ်စ် သတင်းစာက ပြီးခဲ့တဲ့လက ဖော်ပြခဲ့ပါတယ်။
အဲလက်ဟွမ်ဟာ တရုတ်နိုင်ငံသူ ဟုတ်၊ မဟုတ် ဆိုတာနဲ့ သူ ဘယ်မှာရောက်နေလဲ ဆိုတာကိုတော့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကိုးကျားခွင်းက မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်တို့ဟာ ဖြစ်နိုင်ခြေရှိတဲ့ အစည်းအဝေးတခုမှာ အခုလို စွပ်စွဲချက်ကို ဆွေးနွေးသွားမှာလားလို့ မေးမြန်းခဲ့တဲ့အပေါ်မှာလည်း ကိုးကျားခွင်းက အဲဒီလိုအစည်းအဝေး ရှိ၊ မရှိကို အတည်မပြုခဲ့သလို အဲဒီကိစ္စကို တင်ပြဆွေးနွေးမှာ ဟုတ်၊ မဟုတ် ကိုလည်း မပြောခဲ့ပါဘူး။
ကိုးကျားခွင်းက“ဒီနှစ်အတွင်း သမ္မတနှစ်ဦးရဲ့ ထိတွေ့ဆက်ဆံမှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံနှစ်ခုကြားမှာ ဆက်သွယ်ပြောဆိုမှုတွေ ဆက်လက်ရှိနေပါတယ်” လို့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အဲဒီသူလျှိုစွပ်စွဲချက်နဲ့ ပတ်သက်လို့ တရုတ်နိုင်ငံအနေနဲ့ သဘောထား ရပ်တည်ချက်ကို အကြိမ်ကြိမ် ထုတ်ဖော် ပြောဆိုပြီးသား ဖြစ်ကြောင်းလည်း ဖြည့်စွက် ပြောဆိုခဲ့ပါတယ်။
Source: Reuters











