
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စုမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ မြေစာပုံပြိုကျမှုမှာ ကျောက်မျက်တူးသူ အလောင်း ၅ လောင်း တွေ့ရှိပြီး အယောက် ၂၀ ကျော် ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဆိပ်မူကျေးရွာအုပ်စုရှိ ကျော်ကြားတဲ့ ကမ္ဘာ့အကြီးဆုံး တန် ၃,၀၀၀ ကျောက်စိမ်းတုံးကြီးတွေ့တဲ့ နေရာအနီးမှာ ဇွန် ၂၇ ရက် ညသန်းခေါင်က မြေစာပြိုကျခဲ့တာဖြစ်ပြီး လက်ကျင်းတူးဖော်သူ ၂၀ ကျော် မြေအောက်မှာ ပိတ်မိနေတာလို့ ဒေသခံက ပြောပါတယ်။
ဖားကန့်ဒေသခံတယောက်က “မြေစာပုံထဲ ပိနေသူတွေကို သင်္ဂဟ လူမှုကူညီရေးအသင်းနဲ့ ဒေသတွင်း ပရဟိတ ၃ ဖွဲ့တို့ ဝိုင်းဝန်းရှာဖွေခဲ့တာ ဖြစ်တယ်။ လောလောဆယ် အမျိုးသားအလောင်း ၅ လောင်း တွေ့ရှိတယ်” လို့ ပြောပါတယ်။
သေဆုံးသွားသူတွေကတော့ အသက် ၂၉ နဲ့ ၄၀ ကျော်ကြား ကိုဝင်းဆန်း၊ ဇော်နိုင်လင်း၊ စိုးအောင်သိန်း၊ မောင်မောင်ဆန်း၊ မျိုးလင်းဌေးတို့ ဖြစ်ကြတယ်လို့ သိရပါတယ်။
လက်ရှိမှာ မြေစာပြိုကျမှုအန္တရာယ် မြင့်မားနေတာကြောင့် ကျန်သူတွေကို ဆက်လက်ရှာဖွေဖို့ ရပ်နားထားတယ်လို့ သိရပါတယ်။
ကောင်ဆန်းရွာနေသူတယောက်က “မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် မြေစာတွေ ရေစိုပြီး ရွှံ့နွံဖြစ်နေတယ်။ အစပိုင်းမှာ မြေစာအနည်းငယ် ပြိုကျလာပေမဲ့ နောက်ထပ် ဆက်မပြိုတော့ဘူးလို့ ထင်ကြတဲ့အတွက် ပြန်ဝင်တူးကြတာ။ ဒါပေမဲ့ နောက်တခါ ထပ်ပြိုကျလာပြီး အောက်မှာရှိတဲ့သူတွေ အကုန်လုံး မြေစာတွေအောက် ရောက်ကုန်တယ်” လို့ ပြောပါတယ်။
ပျောက်ဆုံးသူအများစုဟာ နမ့်မှော်ရွာနဲ့ အနီးတဝိုက်က ရွှေ့ပြောင်းနေထိုင်တဲ့ တပိုင်တနိုင် ကျောက်မျက်တူးဖော်သူတွေ ဖြစ်တယ်လို့ နမ့်မှော်ရွာသားတယောက်က ပြောပါတယ်။
“သေဆုံးသွားသူတွေက ဒီရွာထဲကနဲ့ အနီးနားက ရွာတွေကဆိုတော့ လူသိများကြတယ်။ ဘက်ထရီမီးတွေနဲ့ ညဘက်ဆိုတော့ တချို့သေဆုံးသူတွေအတွက် ဘယ်သူမှ သတင်းတောင်မရဘူး။ မနက်ကျရင် ကယ်ဆယ်ရေးအဖွဲ့ ပြန်လာမယ်လို့ ပြောပေမဲ့ အန္တရာယ်များလွန်းလို့ ဆက်မရှာတော့ဘူး။”
သေဆုံးသူနဲ့ ပျောက်ဆုံးသူပေါင်း ၂၀ လောက်ရှိတယ်လို့ ခန့်မှန်းရပြီး သူတို့ဟာ မြန်မာပြည် အနယ်နယ်အရပ်ရပ်ကနေ အခန်းငှားပြီး ကျောက်လာရှာတာမို့ ဘယ်သူဘယ်ဝါဆိုတာ အတိအကျ မသိရဘူးလို့ DVB ကို ပြောပါတယ်။
အခင်းဖြစ်ပွားချိန် ည ၁၁ နာရီကျော် သန်းခေါင်ယံနီးပါးဖြစ်ပြီး ကုမ္ပဏီတွေ နေ့ခင်းက လာပစ်ထားတဲ့ မြေစာပုံတွေထဲက ကျောက်အကြွင်းအကျန်တွေကို ကုမ္ပဏီတွေ အလုပ်နားတဲ့ ညအချိန်ကျမှ အလုအယက် လိုက်ရှာရကြောင်း၊ ရတဲ့သူလည်းရှိသလို မရသူလည်းရှိတယ်၊ မြေပြိုအန္တရာယ်တွေကြား မျှော်လင့်ချက်နဲ့ တူးဆွရှာဖွေနေကြရတာလို့ ဖားကန့်ဒေသခံက ပြောပါတယ်။
ဖားကန့်မှာ ပြီးခဲ့တဲ့ ဇွန် ၂၁ ရက်ကလည်း အေးမြသာယာအုပ်စု၊ သောင်းချိုကျေးရွာမှာ မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် မြေစာပြိုကျပြီး အိမ်ရှင်အမျိုးသားတယောက် သေဆုံးခဲ့ပါတယ်။
ကချင်ပြည်နယ်မှာ ဇွန်လဆန်းပိုင်းကစ မိုးသည်းထန်စွာ ရွာသွန်းနေပြီး ဖားကန့်မြို့ပေါ် လူနေရပ်ကွက်တချို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတယ်။
မိုးရာသီမှာ ရေကြီးမှုနဲ့အတူ မြေပြိုမှုအန္တရာယ်ကိုပါ အထူးသတိပြုဖို့ လိုအပ်နေတယ်၊ အထူးသဖြင့် ဖားကန့်ဒေသလို မြေစာပုံဟောင်းတွေရှိတဲ့ နေရာတွေမှာ နောက်ထပ် ထိခိုက်သေဆုံးမှုတွေ ထပ်ပြီး မဖြစ်ပေါ်စေဖို့ ဒေသခံတွေအနေနဲ့ အထူးသတိပြုဖို့ လိုအပ်ကြောင်း ဖားကန့်ဒေသခံက ပြောပါတယ်။










